ကလေးမြို့ ပင်မသပိတ်ခံတပ် ဖြိုခွင်းခံရခြင်း၂ နှစ်ပြည့် ရက်သတ္တပတ် လူထုဟောပြောပွဲ ဆက်လက်ကျင်းပ

By ပါခွီး (မဇ္စျိမ)
30 March 2023
ကလေးမြို့ ပင်မသပိတ်ခံတပ် ဖြိုခွင်းခံရခြင်း၂ နှစ်ပြည့် ရက်သတ္တပတ် လူထုဟောပြောပွဲ ဆက်လက်ကျင်းပ

 စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ်တွင် ကလေးမြို့ပင်မသပိတ် ခံတပ် ပထမအကြိမ် ဖြိုခွင်းခံရခြင်း နှစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် လူထုတရားဟောပြောပွဲကို လူထုပင်မသပိတ်အင်အားစုနှင့် ကလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ကလ .တ.က.သ) တို့က မတ်လ ၃၀ရက် ယနေ့တွင် ဆက်လက်၍ ပူးပေါင်းကျင်းပခဲ့ကြသည်။

ဟောပြောပွဲအခမ်းအနားတွင် သွေးသစ္စာသီချင်း သံပြိုင်သီဆိုခြင်း ၊ Kalay Civil Army -KCA မှ ဦးဇော် ပေးပို့သော ရုပ်သံဖိုင်အား ဖွင့်လှစ်ပြသခြင်းနှင့် တော်လှန်ရေး ရဲဘော်များမှ သပိတ်တရား ဟောပြောခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ကလေးမြို့ပင်မသပိတ်စခန်းတွင် ကျဆုံးခဲ့သည့် ပထမဆုံး အမျိုးသမီး အာဇာနည် “မအားခူ” ၏ အတ္ထုပ္ပတ္တိကို ဖတ်ကြားပြီး ကမ္ဘာမကြေဘူးသီချင်းအား ပြိုင်တူသီဆိုကာ ကျဆုံး အာဇာနည်များအား အောက်မေ့သတိရခြင်း အစီအစဉ်ကို ပြုလုပ်ခဲ့ကြသည်။

မတ်လ ၂၇ရက် ၂၀၂၁ခုနှစ်တွင် တည်ဆောက်ခဲ့သည့် ကလေးမြို့ ပင်မသပိတ် ခံတပ်(တာဟန်းခံတပ်) ကို ပထမအကြိမ်ဖြိုခွင်းမှုတွင် လေးဦး နှင့် ဒုတိယအကြိမ် ဖြိုခွင်းမှုတွင် ၁၁ဦး ကျဆုံးခဲ့ပြီး ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့ရသူနှင့် ဒဏ်ရာရရှိသူများလည်း ရှိခဲ့ကြောင်း သပိတ်ခေါင်းဆောင်တစ်ဦးမှ ပြောဆိုသည်။

အထိမ်းအမှတ် ရက်သတ္တပတ်ကို မတ်လ ၂၇ရက်မှ ဧပြီလ ၄ရက်နေ့အထိ ကျင်းပပြုလုပ်သွား မည်ဖြစ်ကြောင်းသိရသည်။ ကလေးမြို့ပင်မသပိတ်သည် ယနေ့အထိ နေ့စဉ်ရက်ဆက်ပျက်ရက်မရှိ စစ်အာဏာရှင်စနစ်ကို သပိတ်မှောက်လျက်ရှိရာ ယနေ့နှင့်ဆိုလျှင် ရက်ပေါင်း ၇၈၂ ရက်ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required