ကနီမြို့နယ် အလယ်ကျွန်း ပျူစောထီးကျေးရွာကို ဒေသကာကွယ်ရေးတပ်ဖွဲ့များ တိုက်ခိုက်

By လွှမ်းမိုး မဇ္ဈိမ
29 March 2023
ကနီမြို့နယ် အလယ်ကျွန်း ပျူစောထီးကျေးရွာကို ဒေသကာကွယ်ရေးတပ်ဖွဲ့များ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ အလယ်ကျွန်း ပျူစောထီးကျေးရွာကို ဒေသကာကွယ်ရေးတပ်ဖွဲ့များ မှ မတ်လ ၂၇ ရက်နေ့ညပိုင်းက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း KLG PDF တပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းတပ်ဖွဲ့မှ အထိအခိုက်ရှိနိုင်ပြီး အသေး စိတ်ကို မသိရသေးကြောင်း KLG တပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေးက ဆိုသည်။

“ပွိုင့်ငါးခုကနေ ၆၀ မမ ၊ ၈၀ မမ ၊ ၇၉ စတဲ့ လက်နက်ကြီး အလုံး ၅၀ လောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ရန်သူ့ဘက်က စက်ကလေးတွေနဲ့ ပြန်လည်ပစ်ခတ်တာတွေရှိခဲ့တယ်။ တိုက်ပွဲကြာချိန် သုံးနာရီခန့်ရှိခဲ့ပြီး ရန်သူ့ဘက်မှာ အထိအခိုက်ရှိနိုင်ပြီး အသေးစိတ်တော့ မသိရသေးဘူး” ၎င်း ကဆိုသည်။

ထိုတိုက်ခိုက်မှုကို ကျောက်လုံးကြီး ပြည်သူ့ကာကွယ်ရေးတပ် (KLG PDF)၊ DRPA ၊ ယင်းမာပင်ခရိုင် အမှတ်(၂)တပ်ရင်း နှင့် ဒေါင်းမျိုးဆက်တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ကနီမြို့နယ် အလယ်ကျွန်းကျေးရွာအနီးတွင် မတ်လ ၁၈ ရက်နေ့ နံနက်ပိုင်းကလည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားများ သေဆုံးမှုရှိခဲ့ကြောင်း သိရသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required