ပါကစ္စတန်၏ စီးပွားရေးအကျပ်အတည်းကိုဖြေရှင်းရန် အီမရန်ခန်းက လမ်းပြမြေပုံ ချပြ

By ANI 
29 March 2023
ပါကစ္စတန်၏ စီးပွားရေးအကျပ်အတည်းကိုဖြေရှင်းရန် အီမရန်ခန်းက လမ်းပြမြေပုံ ချပြ

ပါကစ္စတန် တီရစ်-အီ-အင်ဆက်ဖ် (PTI) ပါတီဥက္ကဋ္ဌ ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းက အစိုးရအုပ်ချုပ်ရေးကို ပြန်လည်ပြင်ဆင်ရန်နှင့် နိုင်ငံ၏ စီးပွားရေး သာယာဝပြောမှုကို ဖော်ဆောင်ပေးနိုင်မည့် ပို့ကုန်ကဏ္ဍ မြင့်တင်ရန် ပါတီ၏ လမ်းပြမြေပုံကို မတ်လ ၂၅ ရက်က ချပြခဲ့ကြောင်း ပါကစ္စတန်အခြေစိုက် The Express Tribune သတင်းစာတွင် ဖော်ပြထားသည်။

ပန်ဂျပ်ပြည်နယ် ကြားဖြတ်အစိုးရက ခြိမ်းခြောက်မှု သတိပေးချက်ထုတ်ပြန်ထားသော်လည်း အီမရန်ခန်းသည် လာဟိုးမြို့ရှိ မီနာ-အီ-ပါကစ္စတန်မျှော်စင်တွင် ပြုလုပ်သည့် လူထုတွေ့ဆုံပွဲ၌ မိန့်ခွန်းပြောကြားခဲ့သည်။
ပါကစ္စတန်တွင် အစိုးရ အုပ်ချုပ်ရေးကို ပြန်လည်ပြင်ဆင်ရေးနှင့် ပို့ကုန်တိုးမြှင့်ရေးအတွက် ခက်ခဲသော ဆုံးဖြတ်ချက်များချရန် လိုအပ်ကြောင်း ခန်းက ပြောကြားခဲ့သည်။

ပါကစ္စတန်တွင် အခွန် အလုံအလောက် ကောက်ခံခြင်းမရှိသည့်အတွက် စီးဝင်လာသော ဒေါ်လာပမာဏထက် ပြည်ပသို့ပြန်ထွက်သွားသော ဒေါ်လာပမာဏက ပိုများနေကြောင်း အီမရန်ခန်းက ၎င်း၏မိန့်ခွန်းတွင် ထောက်ပြခဲ့သည်။ ပို့ကုန် တိုးတက်လာပါက ဒေါ်လာရရှိမှုလည်း တိုးလာမည်ဟု ၎င်းက ဆိုသည်။ စီးပွားရေး သာယာဝပြောမှုအတွက် အစိုးရ အုပ်ချုပ်မှုပုံစံကို အလုံးစုံ ပြန်လည်ပြင်ဆင်ရန် လိုအပ်ကြောင်းလည်း ခန်းက တိုက်တွန်းခဲ့သည်။

ပါကစ္စတန်တွင် အကြီးစား ပြုပြင်ပြောင်းလဲမှုများပြုလုပ်ရန် လိုအပ်ကြောင်း PTI ပါတီ အကြီးအကဲက ပြောကြားခဲ့ပြီး ထိုသို့လုပ်ဆောင်ပါက ပြည်ပရောက်ပါကစ္စတန်နိုင်ငံသားများက နိုင်ငံအတွက် ဒေါ်လာများရရှိအောင် ဆောင်ရွက်လာကြမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ပြည်ပရောက် ပါကစ္စတန်နိုင်ငံသားများအား ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် တိုက်တွန်းပြီး ပို့ကုန်လုပ်ငန်းရှင်များကို VIP အဆင့်အတန်းသတ်မှတ်ပေးရန် ၎င်းက အကြံပြုခဲ့သည်။

အီမရန်ခန်းက မိမိပါတီ၏ အစိုးရသက်တမ်းအတွင်း သတင်းအချက်အလက်နည်းပညာ (IT)နှင့် ခရီးသွားကဏ္ဍများ တိုးတက်မှုကို မီးမောင်းထိုးပြခဲ့ပြီး စိုက်ပျိုးရေးကဏ္ဍတွင် ကုန်ထုတ်လုပ်မှုတိုးတက်ရေး ဆောင်ရွက်ရန် အလေးပေးပြောကြားခဲ့သည်။ ပါကစ္စတန် နိုင်ငံတကာလေကြောင်းလိုင်း(PIA) အပါအဝင် အစိုးရလုပ်ငန်းအဖွဲ့အစည်းအားလုံးကို ပြန်လည်ပြုပြင်ရန်လည်း တိုက်တွန်းခဲ့ကြောင်း The Express Tribune တွင် ဖော်ပြခဲ့သည်။ 

ပါကစ္စတန်နိုင်ငံရှိ လူဦးရေ သန်း ၂၂၀ အနက် ၂ ဒသမ ၅ သန်းသာ အခွန်ဆောင်ကြကြောင်း ခန်းက ဆိုသည်။ တိုးတက်မှုများ ရရှိရန် အခွန်ကောက်ခံမှုကို တိုးမြှင့်ရန်လိုအပ်ကြောင်းနှင့် PTI ပါတီ အစိုးရသက်တမ်းအတွင်း စံချိန်တင်အခွန်ငွေများ ကောက်ခံရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ PTI အစိုးရသည် ကျန်းမာရေးအာမခံအစီအစဉ်များကို စတင်ခဲ့ပြီး လက်ရှိအစိုးရက ၎င်းကို ရပ်ဆိုင်းခဲ့သော်လည်း မိမိပါတီအနေဖြင့်  အဆိုပါအစီအစဉ်ကို ပြန်လည်အသက်သွင်းမည်ဖြစ်ကြောင်း ခန်းက ပြောကြားခဲ့သည်။

ခန်းက စီးပွားရေးလုပ်ငန်းများ စတင်မည့် လူငယ်များကို ချေးငွေများ ထုတ်ပေးသည့် အစီအစဉ်နှင့် ပေါင်နှံမှုဆိုင်ရာ အစီအစဉ်ကို ပြန်လည်အသက်သွင်းရန် တိုက်တွန်းခဲ့သည်။ အဆိုပါအစီအစဉ်များသည် ပါကစ္စတန် သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် PTI အစိုးရက စတင်ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။

ပါကစ္စတန်အထက်လွှတ်တော်အမတ် ဆာနီရာ နစ္စထာ စတင်ခဲ့သော အစီအစဉ်တစ်ခုဖြစ်သည့် ဆင်းရဲနွမ်းပါးသူများကို အလေးထားရေးနှင့် စာနပ်ရိက္ခာထောက်ပံ့ရေးကို PTI ပါတီက အာရုံစိုက်ထားကြောင်း ဝန်ကြီးချုပ်ဟောင်းက ပြောကြားခဲ့သည်။

ခန်းက မည်သည့်အခြေအနေမျိုးတွင်မဆို ကျောခိုင်းမသွားရန် ထောက်ခံသူများအား မတ်လ ၂၅ ရက်က တိုက်တွန်းခဲ့ပြီး ပန်ဂျပ်ပြည်နယ် ကြားဖြတ်အစိုးရက ခြိမ်းခြောက်မှု သတိပေးချက်ထုတ်ပြန်ထားသော်လည်း PTI အပေါ်ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်သောလုပ်ရပ်များကို မီနာ-အီ-ပါကစ္စတန် မျှော်စင်လူထုစုဝေးပွဲသို့ တက်ရောက်လာသည့် ပြည်သူများက တုံ့ပြန်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ပါကစ္စတန်အခြေစိုက် Dawn သတင်းစာတွင် ဖော်ပြခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly