ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီကို ပါးစပ်ကမချတမ်းပြောနေတဲ့ အကြမ်းဖက် စစ်ခေါင်းဆောင် | သတင်းသုံးသပ်ချက်

ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီကို ပါးစပ်ကမချတမ်းပြောနေတဲ့ အကြမ်းဖက် စစ်ခေါင်းဆောင် | သတင်းသုံးသပ်ချက်

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မြန်မာစစ်တပ်ဟာ ငြိမ်းချမ်းရေးကို အလိုလားဆုံး အဖွဲ့အစည်းလို့ ဖက်ဆစ်တော်လှန်ရေးနေ့ဖြစ်တဲ့ မတ်လ ၂၇ ရက်နေ့ စစ်ရေးပြအခမ်းအနား မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုလိုက်ပါတယ်။

ဒါ့အပြင်သူက ဒီမိုကရေစီကို အကြမ်းဖက်နည်းလမ်းနဲ့ မရနိုင်ကြောင်းနဲ့ NUG၊ PDF နဲ့ ပံ့ပိုးပေးသူ EAO တိုင်းရင်းသားလက်နက်ကိုင်တွေကို ပြတ်ပြတ်သားသား အရေးယူသွားမယ်လို့လည်း ပြောခဲ့ပါတယ်။

သူ့မိန့်ခွန်းထဲမှာ NUG နဲ့ PDF တို့ရဲ့ တိုက်ခိုက်မှုတွေကို လုံးဝ ရပ်ဆိုင်းသွားအောင် ဆောင်ရွက်ဖို့လိုတယ် ဆိုတာလည်း ပါဝင်ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို ငြိမ်းချမ်းရေးဆွေးနွေးပွဲလာဖို့ တံခါးဖွင့်ထားကြောင်းနဲ့ နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ခိုင်မာစွာ လျှောက်လှမ်းနိုင်ဖို့ အပြုသဘောနဲ့ ပူးပေါင်း ဆောင်ရွက်သင့်တယ်လို့လည်း အကြမ်းဖက် စစ်ခေါင်းဆောင်က ဆိုပါတယ်။

ဒီမိုကရေစီအပေါ်မှာ သဘောထားကွဲလွဲမှုကြောင့် လုပ်ဆောင်လာတဲ့ အကြမ်းဖက်တိုက်ခိုက်မှုကို ဘယ်နိုင်ငံ အစိုးရကမှ ခွင့်ပြုမှာ မဟုတ်တဲ့အပြင် ဒီမိုကရေစီကို အကြမ်းဖက်နည်းလမ်းနဲ့ မရနိုင်ဘူးလို့လည်း သူက ပြောပါသေးတယ်။

ပြည်သူတွေအပေါ်မှာ နည်းမျိုးစုံနဲ့ အကြမ်းဖက်နေတဲ့ စစ်ကောင်စီ အနေနဲ့ ငြိမ်းချမ်းရေးကို အလိုလားဆုံး အဖွဲ့အစည်း ဖြစ်တယ်လို့ ပြောလိုက်တာက လူရယ်စရာ ဖြစ်နေပါတယ်။

စစ်ကောင်စီက တော်လှန်ရေးနေ့ ကျင်းပနေချိန်မှာ PDF နဲ့ မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေက စစ်ကောင်စီစခန်းတွေကို အပြင်းအထန်တိုက်ခိုက်နေပြီး စစ်ကောင်စီ တပ်တွေကလည်း ပြည်သူတွေကို လေကြောင်းသုံးတိုက်ခိုက်တာတွေ လုပ်ဆောင်နေတုန်းပါပဲ။

စစ်ကောင်စီဟာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ NUG၊ PDF တို့ ပူးပေါင်းနေတာကို ခွဲထုတ်ချင်ပုံ ရပါတယ်။ မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်တွေသာ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို လက်ခံလိုက်မယ်ဆိုရင် NUG နဲ့ PDF ကို စစ်ကောင်စီဘက်က အလွယ်တကူ ရှင်းလင်းလို့ ရနိုင်သွားမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ကရင်၊ ကယား၊ ချင်းနဲ့ ကချင်တိုင်းရင်းသား လက်နက်ကိုင်တွေက သူတို့ဒေသတွေမှာ စစ်ကောင်စီ တပ်တွေကို ဒေသကာကွယ်ရေး တပ်တွေနဲ့ ပူးပေါင်းပြီး စစ်ဆင်ရေးတွေ တစ်ခုပြီး တစ်ခု လုပ်နေသလို စစ်ကောင်စီနဲ့ ဆွေးနွေးဖို့လည်း လုံးဝ အစီအစဉ် ရှိမနေပါဘူး။

KNU ပြောခွင့်ရ ပုဂ္ဂိုလ် ပဒိုစောထောနီးက စစ်ခေါင်းဆောင်အနေနဲ့ အခုလိုစကားတွေကို အာဏာစသိမ်း ကတည်းက ပြောခဲ့တာဖြစ်ပြီး အခု အာဏာသိမ်း ၂ နှစ်ကြာတဲ့အထိ ခုခံတော်လှန်စစ်တွေ လျော့ကျ မသွားတဲ့အပြင် ပိုပြီးတောင် အားကောင်းဖို့ပဲ ရှိတယ်လို့ စစ်ခေါင်းဆောင်ရဲ့ မိန့်ခွန်းအပြီးမှာ မီဒီယာတွေက တစ်ဆင့် တုန့်ပြန်ပြောဆိုလိုက်ပါတယ်။

ပြည်သူလူထုကို ဖမ်းဆီးသတ်ဖြတ် ညှဉ်းပန်းနေတဲ့ စစ်ကောင်စီကို ဘယ်လိုယုံကြည်မှုနဲ့ ပြန်လည် တည်ဆောက်ရမလဲလို့လည်း ဖဒိုစောထောနီးက မေးခွန်းထုတ်ပါတယ်။

ရှိခဲ့ဖူးတဲ့ကတိတိုင်း တစ်ခါမှ မတည်ခဲ့တဲ့ အတွက် ဒီနေ့ဒီကာလမှာ ပေါ်လစီရှိထားတဲ့အတိုင်း နိုင်ငံရေးထဲမှာ စစ်တပ် ဘယ်တော့မှ မရှိစေရတော့ဘူးဆိုတဲ့ မူကိုပဲ ကိုင်စွဲထားမယ်လို့ သူက ဆက်ပြောပါတယ်။

စစ်တပ်အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ နေရာတွေကို ထိန်းချုပ်ထားနိုင်လား၊ မထားနိုင်ဘူးလား ဆိုတာကိုတော့ KNU ထိန်းချုပ်နယ်မြေတွေမှာ ဖြစ်ပေါ်ခဲ့တဲ့ တိုက်ပွဲပေါင်း ၈၀၀၀ ကျော်ကို ကြည့်တာနဲ့ သိနိုင်တယ်လို့လည်း ပဒိုစောထောနီးက ဆိုပါတယ်။

မနေ့က စစ်ကောင်စီ ခေါင်းဆောင်က ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်တွေကို တံခါး ဖွင့်ထားတယ်လို့ ပြောအပြီး ဒီနေ့မနက်မှာပဲ KNU တပ်မဟာ ၅ နယ်မြေ၊ ဖာပွန်ခရိုင်ရဲ့ မယ်ခါးထာ့ စစ်ကောင်စီ တပ်စခန်းကို KNLA တပ်မဟာ ၅ ပူးပေါင်းတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ပြီး စစ်ကောင်စီရဲ့ စခန်းကုန်း ၂ ကုန်းလုံးကို ရခဲ့တယ်လို့ KNU သတင်းရင်းမြစ်တွေက ဆိုထားပါတယ်။

စခန်းသိမ်းတိုက်ပွဲအပြီးမှာ စစ်ကောင်စီတပ်တွေဘက်က တိုက်လေယာဉ်တွေ ပျံဝဲလာတဲ့အတွက် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း သိရပါတယ်။

ပြည်သူတွေအပေါ် အကြမ်းဖက်မှုမှာ ကျွံဝင်နေပေမယ့် ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီကို ပါးစပ်ကမချတမ်း အခမ်းအနားတိုင်းရဲ့ မိန့်ခွန်းတွေမှာ ထည့်သွင်းပြောဆိုနေတဲ့ စစ်ကောင်စီအနေနဲ့ အပြောသက်သက်နဲ့ နိုင်ငံတကာရဲ့ ထပ်တိုး ဒဏ်ခတ်ပိတ်ဆို့မှုတွေ၊ အရေးယူမှုတွေ လျော့ကျသွားဖို့ရာ မဖြစ်နိုင်ကြောင်း ဖော်ပြလိုက်ပါတယ်။

#သတင်းသုံးသပ်ချက်

#မြန်မာစစ်တပ်

#မင်းအောင်လှိုင်

#NUG

#PDF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly