ပခုက္ကူတွင် ကင်းလှည့်နေသော စစ်ကောင်စီအဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂ ဦးဒဏ်ရာရ

By ကိုခင်မောင်(မဇ္ဈိမ)
28 March 2023
ပခုက္ကူတွင် ကင်းလှည့်နေသော စစ်ကောင်စီအဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂ ဦးဒဏ်ရာရ

မကွေးတိုင်း၊ ပခုက္ကူမြို့ရှိ မြို့ရှောင်လမ်း အမှတ်(၃) တံတားထိပ်တွင် ကင်းလှည့်နေသော စစ်ကောင်စီတပ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရသွားကြောင်း People Defence Force Column 1 မှ မတ်လ ၂၇ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

မတ်လ ၂၇ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်တွင် အင်အား ၁၂ ဦးခန့်ဖြင့် ကင်းလှည့်နေသော စစ်ကောင်စီ အဖွဲ့ကို မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု People Defence Force Column 1 မှ အဖွဲ့ခေါင်းဆောင် ဗိုလ်ဆဲဗင်းက မဇ္ဈိမကို ပြောသည်။

“ခါတိုင်းဆို သူတို့ ယူနီဖောင်းတွေနဲ့ကင်းလှည့်တာမရှိဘူး။ စစ်ခွေးနေ့ဆိုပြီးတော့ စစ်ဝတ်စုံ တကားကားနဲ့ သေနတ်တွေနဲ့ မြို့ရှောင်လမ်းတွေမှာ ကင်းပတ်ထွက်နေတာဗျ။ အခုလို လက်နက်တွေပြပြီး ပြည်သူတွေ ကို အနုနည်းနဲ့ခြိမ်းခြောက်တာမျိုး ကျွန်တော်တို့လက်ခံဘူး။ နောက်ပိုင်းမှာလည်း နည်းမျိုးစုံနဲ့တိုက်ခိုက် သွားမှာပါ။ အခုတိုက်ခိုက်မှုမှာ နှစ်ဦးထိခိုက်ဒဏ်ရာရပါတယ်။ မိုင်းတိုက်ပြီးနောက် လုံခြုံရေးအပြည့်နဲ့ မြို့ပေါ်မှာ အကြမ်းပတမ်းတွေ စစ်ဆေးနေတာမျိုးလုပ်ပါတယ်” ဟု People Defence Force Column 1 မှ အဖွဲ့ခေါင်းဆောင်ကဆိုသည်။

ယခုကဲ့သို့ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရကြောင်း မြေပြင် သတင်းပေးပို့ချက်များအရသိရပြီး စစ်ကောင်စီတပ်မှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခြင်းမျိုး မလုပ်နိုင်ဘဲ ကားကို အမြန်မောင်းပြေးသွားကြောင်းလည်း ဗိုလ်ဆဲဗင်းထံက ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို ဘီးလူးနဂါးစစ်ဆင်ရေးဟုအမည်ပေးထားကာ နောက်ပိုင်းတွင်လည်း စစ်ဆင်ရေး ကို နည်းမျိုးစုံနှင့် တိုက်ပွဲဖော်ဆောင်မည်ဖြစ်သလို စစ်ကောင်စီတပ်စခန်းနှင့် လက်အောက်ခံအဖွဲ့များ အား ဆက်လက်တိုက်ခိုက်သွားမည်ဟု ၎င်းကဆိုသည်။

ယင်းတိုက်ခိုက်မှုကို မကွေးတိုင်းဒေသကြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁) တပ်ဖွဲ့ (ပခုက္ကူ ပကဖ)- People Defense Force Column 1 နှင့် Middle TZ Zone (UG) မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် မတ်လ ၂၁ ရက်နေ့လည်း ပခုက္ကူ-မြိုင်လမ်းပေါ်ရှိ အင်ပင်ကျေးရွာဘုန်းကြီးကျောင်းအနီး၌ တပ်စွဲထားပြီး လမ်းသွားလမ်းလာဒေသခံများကို စစ်ဆေးငွေတောင်းနေသော စစ်ကောင်စီတပ်ဂိတ်ကို People Defense Force Column 1 အဖွဲ့မှ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ နှစ်ဦးဒဏ်ရရှိခဲ့သေးသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

#မကွေးတိုင်း

#ပခုက္ကူမြို့

#မိုင်းဆွဲတိုက်ခိုက်

#ဘီးလူးနဂါးစစ်ဆင်ရေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly