ကလေးမြို့ ပင်မသပိတ်ခံတပ် ဖြိုခွင်းခံရခြင်း၂ နှစ်ပြည့် လူထုတရားဟောပွဲကျင်းပ

By ပါခွီး (မဇ္ဈိမ)
28 March 2023
ကလေးမြို့ ပင်မသပိတ်ခံတပ် ဖြိုခွင်းခံရခြင်း၂ နှစ်ပြည့် လူထုတရားဟောပွဲကျင်းပ

စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ်တွင် ကလေးမြို့ပင်မသပိတ် ခံတပ် ပထမအကြိမ် ဖြိုခွင်းခံရခြင်း နှစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် လူထုတရားဟောပြောပွဲကို လူထုပင်မသပိတ်အင်အားစုနှင့် ကလေးတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ(ကလ .တ.က.သ) တို့က မတ်လ ၂၈ရက် ယနေ့တွင် ပူးပေါင်းကျင်းပခဲ့ကြသည်။

ဟောပြောပွဲအခန်းအနားတွင် သွေးသစ္စာသီချင်း သံပြိုင်သီဆိုခြင်း ၊ Kalay Civil Army -KCA မှ ဦးဇော်မှ ပေးပိုသော ရုပ်သံဖိုင်အား ဖွင့်လှစ်ပြသခြင်းနှင့် တော်လှန်ရေးရဲဘော်များမှ သပိတ်တရားဟောပြောခြင်းများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ဆက်လက်ပြီး ကလေးမြို့ပင်မသပိတ်စခန်းတွင် ကျဆုံးခဲ့သည့် ပထမဆုံး အမျိုးသမီး အာဇာနည် “မအားခူ” ၏ အတ္ထုပ္ပတ္တိ ဖတ်ကြားပြီး ကမ္ဘာမကြေဘူးသီချင်းအား ပြိုင်တူသီဆိုကာ ကျဆုံးအာဇာနည်များအား အောက်မေ့သတိယခြင်း အစီအစဉ်ကို ပြုလုပ်ခဲ့ကြသည်။

“ခံတပ်ဖြိုခွင်းခံရတာ နှစ်နှစ်ရှိပြီဆိုပေမဲ့ ကျနော်တို့မျက်စိထဲမှာ လောလော လတ်လတ်ပဲရှိနေပါသေးတယ်၊ ကျနော်တို့ဆုံးရှုံးခဲ့ရတာတွေလည်း အချည်းနှီး အလဟဿ ဖြစ်သွားလို့မရပါဘူး ။ ဒီတော်လှန်ရေးမှာ ဆုံးရှုံးခဲ့ရ အသက်တွေ အခွင့်အရေးတွေကို တစ်ခုမကျန်ပြန်ယူရပါလိမ့်မယ် ၊ လူထုအနေနဲ့ နှစ်နှစ်ဆိုတဲ့ အချိန်ဟာ ပင်ပန်းကောင်း ပင်ပန်းနိုင်ပေမဲ့ ကျနော်တို့တွေ ကျရာကဏ္ဍ နိုင်ရာတာဝန်တွေယူပြီး စုစုစည်းစည်းနဲ့ ဆက်လက်ချီတက်သွားကြရပါ့မယ်” ဟု ပင်မ သပိတ်ခေါင်းဆောင်တစ်ဦးက မဇ္စျိမသို့ ပြောဆိုသည်။

ကလေးမြို့ပင်မ သပိတ်သည် ယနေ့အထိ နေ့စဉ်ရက်ဆက်ပျက်ရက်မရှိ စစ်အာဏာရှင်စနစ်ကို သပိတ်မှောက်လျက်ရှိရာ ယနေ့နှင့်ဆိုလျှင် ရက်ပေါင်း ၇၈၀ ရက်ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

မိဘပြည်သူများအနေဖြင့် စစ်အာဏာရှင်၏ ခေတ်အဆက်ဆက် ဖိနှိပ်ချုပ်ချယ်မှုများအား အပြီးတိုင်ချုပ်ငြိမ်းသွားစေရန်ငြိမ်မခံဘဲ လမ်းမပေါ်သို့တက်ကာ အလံနှင့် အသံ ကြားရာအရပ်မှ ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းနိုးဆော်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#ကလေးမြို့နယ်

#စစ်အာဏာရှင်

#သပိတ်မှောက်

#တရားဟောပြောပွဲ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly