ပြင်ဦးလွင်မြို့လယ်က သိန်းထောင်ချီတန်သည့် တိုက်ခန်းတွဲများအား စစ်ကောင်စီက ဖျက်ခိုင်းပြန်

By 007 (မဇ္စျိမ)
28 March 2023
ပြင်ဦးလွင်မြို့လယ်က သိန်းထောင်ချီတန်သည့် တိုက်ခန်းတွဲများအား စစ်ကောင်စီက ဖျက်ခိုင်းပြန်

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့လယ်ရှိ ကာလပေါက်ဈေး သိန်းထောင်ချီတန်သောတိုက်ခန်းတွဲနှင့် လူနေအိမ်များကို စစ်ကောင်စီက ယနေ့အပြီးဖျက်သိမ်းခိုင်းခဲ့ကြောင်း ဒေသခံများထံကသိရသည်။

"ဒီနေ့မပြီးတဲ့အိမ်တွေကို အင်အားသုံးဖျက်မယ်၊ အာဏာဖီဆန်မှုနဲ့ဖမ်းမယ်ဆိုလို့၊ သူတို့အစီအစဉ်နဲ့သူတို့ဖျက်ပေးခဲဲ့ရတယ်၊ စိတ်မကောင်းစရာတွေမြင်ခဲ့ရတယ်ပေါ့ဗျာ၊ ပြီးခဲ့တဲ့ရက်ပိုင်းလေးကမှ ညနေစောင်းကြီးမှာ ထပ်လာပြောသွားတာလို့သိရတယ်၊ ညတွင်းချင်းပဲ ပစ္စည်းတွေရွှေ့ကြပြီး၊ ဒီနေ့တော့အပြီးဖျက်သွားကြပြီ" ဟု အိမ်အဖျက်ခံရသူများနှင့်နီးစပ်သည့်ဒေသခံတစ်ဦးက ပြောသည်။

မန္တလေးတိုင်း ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး(၃)၊ မန္တလေး-လားရှိုးလမ်းအနီးရှိ၊ လက်ဖက်ရည်ဆိုင်၊ ဆေးဆိုင် ၊ ကုန်မျိုးစုံရောင်း၀ယ်ရေးအစရှိသော ဈေးဆိုင်တိုက်ခန်းတွဲအပါအ၀င် လူနေအိမ် ၅၀ ကျော်ကို စစ်ကောင်စီ အမိန့်ဖြင့် ယနေ့ မတ် ၂၈ ရက် နောက်ဆုံးဖျက်ခိုင်းခဲ့ခြင်းဖြစ်ပြီး မည်သည့်လျော်ကြေးမျှမပေးဘဲ မိမိအစီအစဉ် ဖြင့်မိမိဖျက်ခိုင်းခြင်းဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ဆီမှာတော့ ဒုတိယမီးပွိုင့်လို့ခေါ်တာပေါ့နော်၊ တကယ့်လမ်းဆုံနေရာကြီးပါ၊ အဲဒါကိုလုပ်သွားတာပါ၊ မင်းအောင်လှိုင်က သင်္ကြန်မှာမေမြို့လာမှာမို့လို့၊ သူမလာခင်အပြီးဖျက်ခိုင်းတာလို့ စည်ပင်တွေကပြောသွားတယ်၊ သူတို့လည်း မလုပ်ချင်ပါဘူးပေါ့နော်၊ ဘာလျော်ကြေးမှမပေးပါဘူး၊ သိန်းထောင် ဂဏန်းမကတန်ပါတယ်" ဟု မြို့ခံတစ်ဦးကပြောသည်။

စစ်အာဏာသိမ်းပြီးနောက် မန္တလေးတိုင်း ပြင်ဦးလွင်မြို့တွင် ရဲစခန်း၀င်းမျက်နှာစာ လူနေတိုက်ခန်းများအပါအ၀င် ခုနစ်နေရာထက်မနည်းကို စစ်ကောင်စီဖျက်ဆီးခဲ့သည်။

ဖျက်ဆီးသည့်အခါတိုင်းလည်း၊ မြို့ကို စစ်ခေါင်းဆောင်လာမည်ဖြစ်သဖြင့် လုံခြုံရေးအကြောင်းပြဖျက်ခိုင်းခြင်းဖြစ်ကြောင်း၊ မည်သည့်လျော်ကြေးမျှမပေးဘဲ သတ်မှတ်ရက်အနည်းငယ်အတွင်းအပြီးဖျက်ခိုင်းခြင်းဖြစ်ကြောင်း အဓမ္မနေအိမ်ဖျက်ဆီးခြင်းခံလိုက်ရသူများက ပြောသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#ပြင်ဦးလွင်မြို့

#စစ်ခေါင်းဆောင်

#အဓမ္မ

#နေအိမ်ဖျက်ဆီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly