အင်ဖာအကျဉ်းထောင်မှ မြန်မာစစ်ဘေးရှောင် ၁၄ ဦး အာမခံဖြင့် လွတ်မြောက်

By ပါခွီး (မဇ္ဈိမ)
28 March 2023
အင်ဖာအကျဉ်းထောင်မှ မြန်မာစစ်ဘေးရှောင် ၁၄ ဦး အာမခံဖြင့် လွတ်မြောက်

အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်၊ အင်ဖာမြို့အကျဉ်းထောင်တွင် တရားမဝင်နေထိုင်မှု (နိုင်ငံခြား သားမှု)ဖြင့်ဖမ်းဆီးခံထားရသော မြန်မာစစ်ဘေးရှောင်များအနက်မှ ၁၄ ဦး အာမခံဖြင့် ပြန်လည်လွတ် မြောက်လာကြောင်း သိရသည်။

ရှေ့နေများဖြင့်တိုင်ပင်ကာ အာမခံလျှောက်ထားလွတ်မြောက်ခဲ့ခြင်းဖြစ်ပြီး အသက်မပြည့်သေးသည့် ကလေးခြောက်ဦး၊ အသက်အရွယ်ကြီးရင့်သူ နှစ်ဦးနှင့် လူငယ်ခြောက်ဦးတို့ဖြစ်ကြောင်း သိရသည်။

“ ကျနော်တို့ရှေ့နေနဲ့ လျှောက်ထားပြီး အာမခံနဲ့ လွတ်လာတာပါ။ ရုံးချိန်းကတော့ ဆက်သွားရဦးမယ်” ဟု အင်ဖာမြို့အကျဉ်းထောင်မှ လွတ်မြောက်လာသူတစ်ဦးက ပြောသည်။

အကျဉ်းထောင်အတွင်း စားသောက်နေထိုင်မှုညံ့ဖျင်းလှပြီး ကျန်းမာရေးနှင့်မညီညွတ်သည့်အပြင် အလုပ် ကြမ်းများပါ လုပ်ကိုင်ခဲ့ရကြောင်း ဆိုသည်။

နံနက် ၆ နာရီတွင် လူစစ်ဆေးပြီး ၉ နာရီ၌ ပူရီကို သကြားရည်ဖြင့်တိုက်ကာ ၁၀ နာရီအချိန်တွင် ပဲနှင့် ဂေါ်ဖီထုပ်ရွက်ပြုတ်ရည်ကို ထမင်းဖြင့်ကျွေးကြောင်း ဆိုသည်။

မွန်းလွဲပိုင်းတွင် မြေကျင်းများတူးခိုင်းခြင်း၊ အပင်ရေလောင်းသည့်အလုပ်များလုပ်ကိုင်ရပြီး ချိုးရေကို မကောင်းသည့်ရေများသာပေးကာ တပတ်အတွက် တစ်ရက်လျှင်နှစ်ပုံးနှုန်းဖြင့် သုံးရက်သာပေးကြောင်း သိရသည်။

ညစာကို ညနေ ၄ နာရီအချိန်တွင်ကျွေးကြောင်း၊ တပတ်လျှင် နှစ်နပ်(သို့မဟုတ်) သုံးနပ်မှာ တူးနေသော ငါး၊ ဆနွင်းအများအပြားဖြင့်မကျက်သောကြက်သားများကို ကျွေးကြောင်းနှင့် လူစေ့မရရှိဘဲ မလောက်မငှ စားခဲ့ရကြောင်းဆိုသည်။

ညနေ ၆ နာရီမှစ၍ ပြန်ဝင်ရပြီး ညဘက်တွင် စောင်အပါးသုံးထည်ဖြင့် သံမံသလင်းပေါ်အိပ်စက်ရသည့် အတွက် ၎င်းနှင့်အတူနေခဲ့သူတစ်ဦး ညအချိန်တွင် နှလုံးဖောက်ပြီးသေဆုံးခဲ့ရကြောင်း အင်ဖာမြို့ အကျဉ်း ထောင်မှ လွတ်မြောက်လာသူက ဆိုသည်။

မဇ္ဈိမအနေဖြင့် အင်ဖာမြို့ အကျဉ်းထောင်အတွင်းမှ အခြေအနေများနှင့်ပတ်သက်ပြီး သီးခြားအတည်ပြု နိုင်ခြင်း မရှိပေ။

ယင်းထောင်အတွင်းတွင် အကြောင်းအမျိုးမျိုးဖြင့် အဖမ်းခံရသူ မြန်မာနိုင်ငံသား ၄၀၀ ခန့် ရှိကြောင်း သိရ သည်။ ထောင်တွင်း အထိမ်းသိမ်းခံရသူများအနေဖြင့် ၎င်းတို့အတွက်အာမခံ လျှောက်ထားပေးသူ မရှိပါက ထောင်မှလွတ်မြောက်မည်မဟုတ်ကြောင်းနှင့် အချို့မှာ ထောင်ဒဏ် ၂ နှစ်ကျော် ကျခံနေရသူများလည်း ရှိကြောင်း သိရသည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ်။ ။စောဖေ

#စစ်ရှောင်

#တရားမဝင်နေထိုင်မှု

#အင်ဖာထောင်

#အာမခံ

#လွတ်မြောက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly