ဆွန်ခရန် သင်္ကြန်ပွဲတော်တွင် ခရီးသွားသူ ၁၇ သန်းမှ သန်း ၂၀ ကြားရှိမည် ထိုင်း မျှော်မှန်း 

By Vietnam Plus
28 March 2023
ဆွန်ခရန် သင်္ကြန်ပွဲတော်တွင် ခရီးသွားသူ ၁၇ သန်းမှ သန်း ၂၀ ကြားရှိမည် ထိုင်း မျှော်မှန်း 

ဧပြီ ၁၃  ရက်မှ ၁၅ ရက်အထိ ကျင်းပမည်ဖြစ်သော ထိုင်းသင်္ကြန်ဖြစ်သည့် ယခုနှစ် ဆွန်ခရန်ပွဲတော်ကို ထိုင်းအစိုးရက အပြည့်အဝ ထောက်ပံ့သွားမည်ဖြစ်ပြီး ယင်းကာလ၌ နိုင်ငံအတွင်း ခရီးသွားသူပေါင်း ၁၇ သန်းမှ သန်း ၂၀ ကြားရှိမည်ဟု မျှော်မှန်းထားသည်။ 

အဆိုပါ အားလပ်ရက်အတွက် ကြီးကျယ်ခမ်းနားသော ပွဲလမ်းသဘင်များ ပြင်ဆင်ရန် အစိုးရဌာနများကို ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက ညွှန်ကြားထားကြောင်း အစိုးရ ပြောခွင့်ရသူ အနုချာ ဘူရာပါချိုင်ဆရီက ပြောသည်။  

ဆွန်ခရန်ပွဲတော်ကာလအတွင်း မျှော်လင့်ထားသော ခရီးသွားဧည့်သည်အရေအတွက်သည် COVID-19 ကပ်ဘေးကာလကထက် သိသိသာသာ မြင့်တက်သည်။ 

ထိုင်းခရီးသွားလုပ်ငန်း အာဏာပိုင်များ စီစဉ်သော Visti Thailand Year: Amazing New Chapters အစီအစဉ်နှင့် We Travel Together၊ Wonder Deal နှင့် Secret Code 365 ကဲ့သို့သော စည်းရုံးလှုံ့ဆော်များအောက်တွင် ယခုမှစ၍ စက်တင်ဘာအထိ အစိုးရအားလပ်ရက်များ၌ ခရီးသွားလာ ပျော်ရွှင်ကြရန် အားပေးလှုံ့ဆော်သည့် စည်းရုံးလှုံ့ဆော်မှုများကို အစိုးရက ဆောင်ရွက်လျက်ရှိကြောင်း အနုချာက ဆိုသည်။ 

ဘေးကင်းလုံခြုံရေးအတွက် ဧည့်သည်များအနေဖြင့် I Lert U စမတ်ဖုန်း အက်ပလီကေးရှင်းကို အင်စတောလုပ်ထားရန်လည်း တိုက်တွန်းထားသည်။ ယင်း အက်ပလီကေးရှင်းသည် အသုံးပြုသူများအတွက် အကူအညီတောင်းခံနိုင်မည့်အပြင် ခေါ်ဆိုသူ၏ တည်နေရာကို သိရှိနိုင်ပြီး ဖုန်းမှ GPS အချက်ပြ အသုံးပြုကာ အကူအညီ ပေးပို့နိုင်မည် ဖြစ်သည်။ 

ပြည်တွင်းခရီးသွားလုပ်ငန်းကဏ္ဍအပါအဝင် ဆက်စပ်သော ဖွံ့ဖြိုးတိုးတက်မှုများအတွက် ထိုင်းခရီးသွားအာဏာပိုင်များသည် ကမ္ဘာ့ထိပ်တန်းအွန်လိုင်းပလက်ဖောင်းများမှ လေးခုဖြစ်သော Agoda၊ Alipay၊ Klook နှင့် KKDay တို့နှင့် မဟာဗျူဟာမိတ်ဖက်ပြုပြီး ထိုင်းနိုင်ငံအတွင်း ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအတွက် လုပ်ကိုင်ဆောင်ရွက်လျက် ရှိသည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly