တောင်ငူခရိုင်အတွင်းရှိ စစ်ကောင်စီတပ်စခန်း ၄ ခုကို KNLA တပ်မဟာ (၂) ပူးပေါင်းတပ်ဖွဲ့ သွားရောက် တိုက်ခိုက်

By YT (မဇ္ဈိမ)
28 March 2023
တောင်ငူခရိုင်အတွင်းရှိ စစ်ကောင်စီတပ်စခန်း ၄ ခုကို KNLA တပ်မဟာ (၂) ပူးပေါင်းတပ်ဖွဲ့ သွားရောက် တိုက်ခိုက်

KNU တပ်မဟာ (၂)၊ တောင်ငူခရိုင်အတွင်းရှိ တောင်ငူမြို့နယ်နှင့် သံတောင်ကြီးမြို့နယ်တို့မှ စစ်ကောင်စီတပ်စခန်းလေးခုအား KNLA တပ်မဟာ (၂) ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခဲ့ကြောင်း သိရသည်။

မတ်လ ၂၇ ရက်၊ နံနက် ၇ နာရီခန့်မှစ၍ တောင်ငူမြို့နယ်၊ ကွမ်းပင်ကျေးရွာအုပ်စု၊ ထုံးဘိုကြီးကျေးရွာရှိ ထုံးဘိုကြီးစခန်း၊ ကျောက်လုံးကြီးစခန်း၊ သံတောင်ကြီးမြို့နယ်၊ သံမိုးတောင်စခန်း၊ ဗဟုန်းစခန်း စသည့် စစ်ကောင်စီတပ်စခန်းလေးခုအား KNLA တပ်မဟာ(၂)စစ်ကြောင်းမှူးဦးဆောင်ကာ တပ်မဟာ(၂) KNLA၊ PDF များနှင့် ALPHA ONE Drone တပ်ဖွဲ့ ပါဝင်သောပူးပေါင်းတပ်ဖွဲ့က သွားရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“မနက် ၇ နာရီ လောက်ကနေ စတိုက်တာ၊ တစ်နာရီနီးပါးလောက်‌တော့ ကြာတယ်။ ALPHA ONE Drone အဖွဲ့က ထုံးဘိုကြီးစစ်ကောင်စီစခန်းကို ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ကျောက်လုံးကြီးစခန်းကတော့ စနိုက်ပါနဲ့သွားရောက်ပစ်ခတ်ခဲ့တာပါ။ သံမိုးတောင်စခန်းနဲ့ ဗဟုန်းစခန်းနှစ်ခုကို ၇၉ နဲ့ စနိုက်ပါနဲ့ ပစ်ခတ် ခဲ့ပါတယ်” ဟု ALPHA ONE Drone အဖွဲ့၏ စစ်‌ဆင်‌ရေးတာဝန်ခံ ကိုဘဦးကြီးက မဇ္ဈိမကို ပြောသည်။

KNLA ပူးပေါင်းတပ်ဖွဲ့ဘက်တွင် အထိအခိုက်မရှိခဲ့သော်လည်း စစ်ကောင်စီတပ်ဖွဲ့မှ ထိခိုက်သေဆုံးမှု များပြားခဲ့ပြီး အသေးစိတ်အတည်မပြုနိုင်သေးကြောင်း ALPHA ONE Droneအဖွဲ့၏ စစ်‌ဆင်‌ရေးတာဝန်ခံ ထံမှသိရသည်။

“ကျောက်လုံးကြီးစခန်းကို စနိုက်ပါနဲ့ပစ်တာ ဒု-ရင်းမှူးအဆင့်ရှိသူ ကျဆုံးသွားပါတယ်။ အသေအဆုံး အတိကျတော့ မသိသေးဘူး၊ သေဆုံးထိခိုက်သူတွေများတယ်လို့တော့ သတင်းရပါတယ်” ဟု ကိုဘဦးကြီး က ပြောသည်။

စစ်ဆင်ရေးပြုလုပ်နေစဉ်အချိန်အတွင်း စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ် ခတ်ခဲ့သဖြင့် ကျေးရွာများအတွင်း ကျရောက်မှုများရှိပြီး စစ်ကောင်စီဘက်မှ ဒရုန်း၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး ကျေးရွာများအတွင်း ကျရောက်ပေါက်ကွဲမှုများရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ထုံးဘိုကြီးကျေးရွာနှင့် ဗဟုန်းကျေးရွာဝေဟင်မှ စစ်ကောင်စီတပ်ဖွဲ့မှတိုက်လေယာဉ်များ အဆက် မပြတ်ပျံဝဲနေခဲ့ပြီး ဗဟုန်းကျေးရွာအတွင်းသို့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ဗုံးနှစ်လုံး ကျရောက် ပေါက်ကွဲခဲ့သဖြင့် ဒေသခံအချို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

#KNU

#တောင်ငူခရိုင်

#သံတောင်ကြီးမြို့နယ်

#တောင်ငူမြို့နယ်

#တိုက်ခိုက်မှု

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly