ရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံတင်သည့်ပါတီများတွင် ပြည်သူလူထုထောက်ခံသည့်ပါတီများ မပါဝင်

By မိုးသောက် (မဇ္ဈိမ)
28 March 2023
ရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံတင်သည့်ပါတီများတွင် ပြည်သူလူထုထောက်ခံသည့်ပါတီများ မပါဝင်

စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံတင်ရန်နောက်ဆုံးရက်အထိ မှတ်ပုံ တင်ထားသည့် ပါတီ ၅၂ ပါတီရှိလာပြီး ၎င်းတို့ထဲတွင် ၂၀၂၀ ရွေးကောက်ပွဲ၌ အနိုင်ရရှိခဲ့သည့် နိုင်ငံရေး ပါတီ အများစုမပါဝင်သည်ကို တွေ့ရသည်။

လျှောက်ထားသည့် ပါတီ ၅၂ ပါတီတွင် ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးရန်လျှောက်ထားသည့် ပါတီ ၁၂ ပါတီရှိပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင်သာ စည်းရုံးရန်မှတ်ပုံတင်ထားသည့် ပါတီ ၄၀ ရှိ ကြောင်း စစ်ကောင်စီက ထုတ်ပြန်ချက်များအရသိသည်။

မှတ်ပုံတင်သည့်ပါတီများတွင် စစ်တပ်ကျောထောက်နောက်ခံပြုထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး တည်ထောင်ထားသည့် ပြည်သူ့ပါတီ တို့သာလူသိများကြပြီး အများစုမှာ တိုင်းရင်းသားပါတီများနှင့် အခြားပါတီများသာ ဖြစ်သည်။

၂၀၀၈ အခြေခံဥပဒေအောက်တွင် ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲသုံးခု၌ ပထမတစ်ကြိမ်သာ စစ်တပ်ကျောထောက်နောက်ခံဖြင့်ဖွဲ့စည်းထားသည့် ပြည်ခိုင်ဖြိုးပါတီကအနိုင်ရခဲ့ပြီး ကျန်နှစ်ကြိမ်လုံး တွင် ပြည်သူထုထောက်ခံမှုအများဆုံးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အပြတ်အသတ် ရရှိခဲ့ သည်။ ၂၀၂၀ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး ၈၃ရာခိုင်နှုန်းဖြင့် စံချိန်တင်အနိုင်ရရှိခဲ့သည်။

ထိုသို့ လူထုထောက်ခံမှုအများဆုံးရရှိခဲ့သည့် NLD ပါတီက စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ထံတွင် မှတ်ပုံတင်ခြင်း မပြုခဲ့ပေ။

မှတ်ပုံတင်မှုနှင့်ပတ်သက်ပြီး NLD ဗဟိုအလုပ်ကော်မတီအဖွဲ့ဝင် ဦးထွန်းမြင့်က “ရှင်းရှင်းပြောရရင် တရားမဝင် အာဏာသိမ်းစစ်ကောင်စီနဲ့ သူတို့ကနေပြီးတော့ ဖွဲ့စည်းထားတဲ့ ဘယ်အဖွဲ့အစည်းမဆို တရားမဝင်ဘူး၊ နောက်ပြီးတော့ သူတို့နဲ့ပတ်သက်တဲ့ လုပ်ငန်းစဉ်မှန်သမျှကလည်း ဘာမှတရားမဝင်ဘူး။ ကျနော်တို့ ပူးပေါင်းဆောင်ရွက်စရာအကြောင်းမရှိဘူး” ဟု မတ်လ ၂၁ ရက်နေ့ ကပြုလုပ်ခဲ့သည့် ပါတီ၏ ဒုတိယဗဟိုကော်မတီကြားကာလပုံမှန်အစည်းအဝေးပြီးတွင် မဇ္ဈိမသို့ ပြောကြားခဲ့သည်။

၂၀၀၈ အခြေခံဥပဒေအောက်မှပြုလုပ်ခဲ့သော ရွေးကောက်ပွဲများတွင် နိုင်ငံအဝှမ်းရှိ တိုင်းရင်းသားပါတီ များ၏ အနိုင်ရရှိမှုမှာ တစ်နိုင်ငံလုံးအတိုင်းအတာ၏ ၂၀ ရာခိုင်နှုန်းအောက်တွင်သာရှိခဲ့သည်။

NLD မပါဝင်ခင်က ကျင်းပခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် တိုင်းရင်းသားနိုင်ငံရေးပါတီများ၏ အနိုင်ရရှိ ခဲ့မှုမှာ ၁၇ ရာခိုင်နှုန်းရှိခဲ့ပြီး NLD ပါတီပါဝင်သည့် ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲတို့တွင် ၁၂ ရာခိုင်နှုန်းစီ သာရှိခဲ့ကြောင်း EMRef (Enlightened Myanmar Resarch Foundation) မှထုတ်ပြန်ထားသည့် အချက် အလက်များအရ သိရသည်။

တိုင်းရင်းသားပါတီများအနက် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(SNLD)၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ ချုပ်(ALD)နှင့် ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(CNLD)တို့သည် ပါတီမှတ်ပုံတင်မည်မဟုတ် ကြောင်း အသီးသီး ထုတ်ပြန်ထားကြသည်။

စစ်ကောင်စီသည်ပါတီများ မှတ်ပုံတင်ရန်အတွက် မတ်လ ၂၈ ရက်နေ့ကို နောက်ဆုံးသတ်မှတ်ထားပြီး ၎င်းတို့၏ဥပဒေများအရ မှတ်ပုံမတင်သောပါတီများမှာ ဖျက်သိမ်းခံကြရမည်ဖြစ်သည်။

ရှမ်းပြည်နယ်တွင် နိုင်ငံရေးအရဂုဏ်သိက္ခာကြီးမားသည့် SNLD ပါတီက ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး အတိအကျ ကြေညာပြဋ္ဌာန်းထားမှုမရှိခြင်း၊ တိုင်းပြည်၏ လုံခြုံရေးယိုယွင်းနေသော အခြေအနေတွင် လုံခြုံရေးအကန့်အသတ်များစွာရှိပြီး ပါတီဝင်များနှင့်သွားရောက်တွေ့ဆုံကာ သဘောထားရယူနိုင်မှု မရှိ ခြင်း စသည့်အချက်များကြောင့် မှတ်ပုံပြန်မတင်ရန် ဆုံးဖြတ်ခဲ့ကြောင်း ပါတီအထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က မဇ္ဈိမကို ပြောကြားထားသည်။

ပါတီဖျက်သိမ်းခြင်းခံရပါက ပါတီပိုင်ပစ္စည်းများကို နိုင်ငံတော်အစိုးရမှ သတ်မှတ်ပေးသည့်ဌာန၊ အဖွဲ့ အစည်းသို့ သတ်မှတ်သည့်နည်းလမ်းအတိုင်း အပ်နှံရမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ရွေးကောက်ပွဲ ဥပဒေတွင်ဖော်ပြထားသည်။

ထို့ကြောင့် ပါတီအဆောက်အဦများအပါဝင် ပါတီပိုင်ပစ္စည်းအများအပြားရှိသည့် NLD အနေဖြင့် ပါတီ ဖျက်သိမ်းခံရပါက ပစ္စည်းများသိမ်းဆည်းခံရနိုင်သည်။

“ ကြိုက်တာလုပ်ပါစေဗျာ။ သူတို့က အကြမ်းဖက်အဖွဲ့စည်းပဲဗျ။ အကြမ်းဖက်အဖွဲ့စည်းက မွေးဖွားပေးတဲ့ UEC က မတရားသင်းပဲ ကြေညာကြေညာ၊ ပါတီကိုပဲ ဖျက်သိမ်းဖျက်သိမ်း၊ အခုခါမှာတောင်မှ ပါတီရုံးတွေ ကိုဖျက်ဆီး ဗုံးဖောက်ခွဲ၊ ပါတီပိုင်ပစ္စည်းတွေကို အဓမ္မလုယူနေတဲ့အခြေအနေဆိုတော့ ဘာမှထပ်ပြော စရာမလိုတော့ဘူးပေါ့ဗျာ” ဟု ဦးထွန်းမြင့်က မှတ်ချက်ပြုသည်။

စစ်ကောင်စီက ပြင်ဆင်လိုက်သည့် နိုင်ငံရေးပါတီများဥပဒေအရ နိုင်ငံရေးပါတီများသည် မှတ်ပုံတင်ခွင့် ရရှိပြီးပါက နောက်ထပ် ရက်ပေါင်း ၉၀ အတွင်း သတ်မှတ်ထားသည့်ပါတီဝင်အရေအတွက်ကို စည်းရုံးကြ ရမည်ဖြစ်သည်။

၂၀၂၀ ရွေးကောက်ပြီးဖျက်သိမ်းပြီး နောက်ထပ်ရွေးကောက်ပွဲကျင်းပရန်အတွက် မှတ်ပုံတင်ခြင်းမှစ၍ အခြားကိစ္စရပ်များကိုဆောင်ရွက်နေသော်လည်း စစ်ကောင်စီသည် ရွေးကောက်ပွဲကျင်းပမည့်အချိန်ကို အနီးစပ်ဆုံးပင် ပြောကြားနိုင်ခြင်းမရှိသည်ကိုတွေ့ရသည်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကမူ ယမန်နေ့ကကျင်းပသည့် တပ်မတော် နေ့အခမ်းအနားတွင် တိုင်းပြည်ငြိမ်းချမ်းမှသာလျှင် ရွေးကောက်ပွဲ လျင်မြန်စွာကျင်းပနိုင်မည်ဟု ထည့် သွင်းပြောဆိုခဲ့သည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

#ရွေးကောက်ပွဲကော်မရှင်

#နိုင်ငံရေးပါတီ

#မှတ်ပုံတင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly