ဗြိတိသျှ ရုပ်သံထုတ်လွှင့်ရေး ကော်ပိုရေးရှင် (ဘီဘီစီ) က TikTok အား အယ်ဒီတာ့အာဘော်နှင့် ဈေးကွက်ရှာဖွေရေးအတွက် အသုံးမပြုတော့ပါက ကုမ္ပဏီပစ္စည်းများမှ ဖယ်ရှားပစ်ရန် ဝန်ထမ်းများအား တိုက်တွန်းလိုက်သည်။
“ခိုင်လုံသည့် စီးပွားရေးအကြောင်းပြချက်များမရှိပါက ဘီဘီစီ၏ ပစ္စည်းကိရိယာများတွင် TikTok ထည့်သွင်းခွင့် ပြုမည်မဟုတ်ပေ။ စီးပွားရေးအတွက် TikTok ကို အသုံးပြုရန် မလိုအပ်ပါက ဖျက်ပစ်သင့်သည်" ဟု ဘီဘီစီအသံလွှင့်ဌာနက မတ်လ ၁၉ ရက်တွင် ဝန်ထမ်းများအား ညွှန်ကြားခဲ့သည်။
အရေးကြီးသည့် အချက်အလက်များ ခိုးယူခံရမည်စိုးသဖြင့် တရုတ်အင်တာနက်ကုမ္ပဏီ ByteDance ပိုင်ဆိုင်သည့် လူမှုမီဒီယာအက်ပ်ပလီကေးရှင်း TikTok ကို အစိုးရဖုန်းများတွင် တားမြစ်ပြီးနောက် ဘီဘီစီ၏ ယခုထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
“ဘီဘီစီက စနစ်တွေ၊ အချက်အလက်တွေနဲ့ လူတွေရဲ့ ဘေးကင်းရေးနဲ့ လုံခြုံရေးအတွက် အလေးအနက်ထား ဆောင်ရွက်နေပါတယ်။ TikTok အပါအဝင် တခြားအက်ပ်လီကေးရှင်းတွေရဲ့ လုပ်ဆောင်ချက်ကိုလည်း အဆက်မပြတ် သုံးသပ်လျက်ရှိပါတယ်” ဟု ဘီဘီစီပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
ဘီဘီစီကော်ပိုရေးရှင်းက သတင်းများအပါအဝင် အကြောင်းအရာများကို ပရိသတ်များထံရောက်ရှိစေရေးအတွက် ဗီဒီယိုမျှဝေသည့်လူမှုမီဒီယာ TikTok ကို ဆက်လက်အသုံးပြုသွားမည်ဖြစ်သော်လည်း အခြေအနေကို ပုံမှန် အကဲဖြတ်နေမည်ဟု ဆိုသည်။
ကြည့်ရှုသူ ၄ ဒသမ ၄ သန်းရှိသည့် တရားဝင် BBC TikTok အကောင့်သည် ဆက်ဖွင့်ထားကာ အကြောင်းအရာများ တင်နေဆဲဖြစ်သည်။
TikTok အကောင့်ဖွင့်ထားသော BBC သတင်း၊ BBC အားကစားနှင့် BBC Radio 1 အပါအဝင် အခြားသော အကောင့်အမျိုးမျိုးတွင်လည်း သတင်းများကို ဆက်ဖော်ပြနေဆဲဖြစ်သည်။