အင်းအမျိုးသားပါတီ ၂ ခုပူးပေါင်းရန် အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကို ဖျက်သိမ်းဟုဆို

By 001 မဇ္စျိမ
26 March 2023
အင်းအမျိုးသားပါတီ ၂ ခုပူးပေါင်းရန် အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကို ဖျက်သိမ်းဟုဆို

ရှမ်းပြည်နယ်အခြေစိုက် အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှပယ်ဖျက်ပြီး ပါတီကိုဖျက်သိမ်းရန် အတည်ပြုခဲ့ကြောင်း စစ်ကောင်စီ လက်အောက် ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မတ်လ ၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ပါတီကိုဖျက်သိမ်းပြီးနောက် စစ်ကောင်စီထံ မှတ်ပုံပြန်တင်ထားသည့် အင်းအမျိုးသားအဖွဲ့ချုပ်ပါတီနှင့် ပူးပေါင်းသွားမည်ဖြစ်ကြောင်း အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောသည်။

“အဓိကအချက်က ကျွန်တော်တို့ အင်းအမျိုးသားနာမည်နဲ့ပါတီက နှစ်ပါတီရှိတယ်။ အဲ့ဒီဟာကို တစ်ပါတီ ထဲ ဖြစ်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ”ဟု ဆိုသည်။

ရှမ်းပြည်နယ်အခြေစိုက် ပါတီတစ်ခုဖြစ်သည့် အင်းအမျိုးသားအဖွဲ့ချုပ်ပါတီအနေဖြင့် ပြီးခဲ့သည့် မတ်လ ၂၃ ရက်နေ့က စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံတွင် ပြည်နယ် အတွင်း စည်းရုံးမည့်ပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ခဲ့သည်။

“ကျွန်တော်တို့က ပါတီကို နာမည်အသစ်နဲ့လုပ်မယ်ဆိုရင် ငွေလည်း ၁၀ သိန်းပေးရမယ်။ နောက်ပြီး အခက်အခဲလည်း နည်းနည်းရှိတဲ့အတွက် ပါတီနှစ်ပါတီရဲ့ ဥက္ကဋ္ဌတွေက အင်းအမျိုးသားအဖွဲ့ချုပ်ရဲ့ logo နဲ့ ဒီမူဝါဒတွေပေါ့။ အဲဒီအတိုင်းပဲ သွားမယ်လို့ပြောထားတယ်”ဟု အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ အတွင်း ရေးမှူး ဦးတိုးရက ပြောသည်။

စစ်ကောင်စီက နိုင်ငံရေးပါတီများ ပြန်လည်မှတ်ပုံတင်ရမည့်ရက်ကို မတ်လ ၂၈ ရက်နေ့ နောက်ဆုံးထား သတ်မှတ်ထားပြီး မတ်လ ၂၄ ရက်နေ့အထိ ပါတီ ၅၂ ပါတီ မှတ်ပုံပြန်တင်ထားကြောင်း စစ်ကောင်စီဝါဒ ဖြန့် ကြေးမုံသတင်းစာတွင်ဖော်ပြချက်အရ သိရသည်။

စစ်ကောင်စီထံမှတ်ပုံပြန်တင်သည့်ပါတီများတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ စစ်ကောင်စီ ခန့် ဝန်ကြီးဒေါ်သက်သက်ခိုင်၏ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ဦးကိုကိုကြီး၏ ပြည်သူ့ပါတီ၊ ရခိုင်အမျိုးသား ပါတီ(ANP) ၊ ရခိုင့်ဦးဆောင်ပါတီ(AFP)နှင့် နှင်းဆီပါတီကို အမည်ပြောင်းထားသည့် ပြည်ထောင်စု ဒီမိုကရေစီပါတီ(UDP)တို့လည်း ပါဝင်သည်။

စစ်ကောင်စီက ပြဋ္ဌာန်းသော ရွေးကောက်ပွဲဥပဒေသည် တရားဝင်ခြင်းမရှိဘဲ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ထံသွားရောက်မှတ်ပုံတင်ခြင်းသည် ပြည်သူ့ဆန္ဒကို သွေဖယ်ဆန့်ကျင်ပြီး စစ်ကောင်စီ၏ ဖြစ်တည်မှုကို အတိအလင်း လက်ခံလိုက်ခြင်းဖြစ်သည့်အပြင် အကြမ်းဖက်စစ်အုပ်စုက ပြည်သူလူထုအား ဖိနှိပ်သတ်ဖြတ်နေမှုကို အားပေးအားမြှောက်ပြုခြင်းပင်ဖြစ်ကြောင်း အမျိုးသား ညီညွတ်ရေး အစိုးရ NUGက ထုတ်ပြန်ထားသည်။

စာတည်း။ ။ ဖူးသိမ်ကျစာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required