တရုတ်က ဆော်လမွန်ကျွန်းစု ဆိပ်ကမ်းတည်ဆောက်ခြင်းဖြင့် တောင်ပစိဖိတ်ဒေသတွင် သြဇာလွှမ်းမိုးမှု မြှင့်တင်

တရုတ်က ဆော်လမွန်ကျွန်းစု ဆိပ်ကမ်းတည်ဆောက်ခြင်းဖြင့် တောင်ပစိဖိတ်ဒေသတွင် သြဇာလွှမ်းမိုးမှု မြှင့်တင်

တရုတ်အစိုးရက ကျောထောက်နောက်ခံပေးထားသည့် တရုတ်ကုမ္ပဏီတစ်ခုသည် ဆော်လမွန်ကျွန်းစုတွင် အဓိက ဆိပ်ကမ်းတစ်ခု တည်ဆောက်ခွင့်စာချုပ် ချုပ်ဆိုနိုင်ခဲ့သောကြောင့် တောင်ပစိဖိတ်ဒေသတွင် မဟာဗျူဟာမြောက် ခြေကုပ်ရယူရန် ကြိုးပမ်းနေသည့် တရုတ်အတွက် အောင်မြင်မှုကြီးတစ်ခု ဖြစ်သည်။

ဆော်လမွန်ကျွန်းစုအစိုးရက မြို့တော် ဟိုနီအဲရာတွင် အမေရိကန်ဒေါ်လာ သန်း ၁၇၀ တန်ကြေးရှိ နိုင်ငံတကာဆိပ်ကမ်း စီမံကိန်းကို တည်ဆောက်ရန် တရုတ်မြို့ပြအင်ဂျင်နီယာ ဆောက်လုပ်ရေးကော်ပိုရေးရှင်းကို ရွေးချယ်ထားကြောင်း မတ်လ ၂၁ ရက်တွင် ကြေညာခဲ့သည်။

ဆော်လမွန်နိုင်ငံသည် ၂၀၂၂ ခုနှစ်တွင် တရုတ်နှင့် လျှို့ဝှက်လုံခြုံရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးပြီးနောက် တရုတ်နှင့် အမေရိကန်ကြား သံတမန်ရေး ပဋိပက္ခ၏ အဓိကဗဟိုချက်ဖြစ်လာသည်။

အဆိုပါ သဘောတူစာချုပ်သည် တရုတ်ရေတပ် အမြဲတမ်းအခြေစိုက်စခန်း တည်ထောင်ရန် မဟုတ်ကြောင်း တရုတ်နှင့် ဆော်လမွန်ကျွန်းစု နှစ်နိုင်ငံစလုံးက ငြင်းဆိုထားသော်လည်း စာချုပ်ပါ အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောကြားထားခြင်းမရှိပေ။

ကျယ်ပြောလှသော တောင်ပစိဖိတ်ကျွန်းစုရှိ အရေးပါသော အခြေခံအဆောက်အအုံ စီမံကိန်းများ အထူးသဖြင့် ဟိုနီအဲရာတွင် ကျင်းပမည့် ပစိဖိတ်အားကစားပြိုင်ပွဲအတွက် အားကစားကွင်းအသစ် တည်ဆောက်ရေးသည် တရုတ်ရင်းနှီးမြှုပ်နှံမှုများအပေါ် အဓိက မှီခိုအားထားနေရသည်။

အဆိုပါ တရုတ်ကုမ္ပဏီသည် ဆော်လမွန်ကျွန်း အနောက်ပိုင်းပြည်နယ်ရှိ မွန်ဒါအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လေဆိပ်အဆောက်အအုံသစ်တစ်ခုတည်ဆောက်ရန် ၂၀၂၀ ခုနှစ်တွင် ဒေါ်လာ ၇ သန်းတန်စာချုပ် ချုပ်ဆိုနိုင်ခဲ့ကြောင်း အစိုးရသဘောတူစာချုပ်များဆိုင်ရာ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ကုမ္ပဏီကို ၁၉၇၀ ပြည့်နှစ်အလွန်တွင် တရုတ်အစိုးရက တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာတစ်ဝန်းရှိ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် သြဇာလွှမ်းမိုးမှုရရှိရန် ကြိုးပမ်းအားထုတ်မှုကြီးဖြစ်သည့် ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း (BRI) တွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

အဆိုပါကုမ္ပဏီသည် အာဖရိက၊ အရှေ့အလယ်ပိုင်းနှင့် ပစိဖိတ်ဒေသတစ်ခွင်ရှိ အခြေခံအဆောက်အအုံဆိုင်ရာ စီမံကိန်းများအတွက် လုပ်ကိုင်ခွင့်စာချုပ်များ ရရှိထားကြောင်း ကုမ္ပဏီဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံ၏ စီးပွားရေးနှင့် သံတမန်ရေး ဆောင်ရွက်ချက်များကို တန်ပြန်ရန် အမေရိကန်၏ နောက်ဆုံးလုပ်ဆောင်ချက် တစ်စိတ်တစ်ပိုင်းအဖြစ် အမေရိကန် သံတမန် ကွတ်ကမ့်ဘဲလ်သည် ဆော်လမွန်ကျွန်းသို့ သွားရောက်ခဲ့သည့် နေ့တွင် အဆိုပါ ဟိုနီအဲရာဆိပ်ကမ်း စာချုပ်ကို ဖွင့်ချခဲ့ခြင်းဖြစ်သည်။

ထိုင်ဝမ်နှင့် သံတမန်ဆက်ဆံရေး ဖြတ်တောက်ပြီးနောက် ဆော်လမွန်ကျွန်းစုများကို တရုတ်နိုင်ငံနှင့်ဆက်ဆံရေး ထူထောင်ရာတွင် အဓိကလုပ်ဆောင်ခဲ့သော ဝန်ကြီးချုပ် မန်နက်ဆာဆိုဂါဗားနှင့် ကမ့်ဘဲလ်တို့ တွေ့ဆုံခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly