ကရင်နီပြည်နယ်၊ ဒီမော့ဆိုမြို့နယ်၊ ဒေါတမကြီးကျေးရွာ၌ လေးရက်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်မှ အရာရှိအပါအဝင် ၉၀ ကျော် သေဆုံးကာ ၅၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကရင်နီအမျိုးသားကာကွယ်ရေးတပ်က ထုတ်ပြန်ထားသည်။
ဒေါတမကြီးကျေးရွာသည် စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်တပ်စွဲထားသည့် ကျေးရွာဖြစ်ပြီး မတ်လ ၂၀ ရက်နေ့မှ ၂၃ ရက်နေ့ထိ KA ၊ KNDF /B (10) ၊ KNDF/B (15) ၊ KNDF/B (16) ၊ KNDF/ETD ၊ နေပြည်တော် PDF တို့ ပူးပေါင်းကာ တန်ပြန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ယင်းအပြင် စစ်ကောင်စီတပ်ဖွဲ့ဘက်မှ MA-1 ၁၀ လက် ၊ MA-2 ၁၀ လက် ၊ MA-3 ၁၀ လက် ၊ MA-4 79တွဲ တစ်လက် ၊ 9MM ပစ္စတို ငါးလက် ၊ RPG နှစ်လက် ၊ ၆၀ မမ ပြောင်း နှစ်ပြောင်း ၊ မိုင်းရှာစက် တစ်လုံး ၊ ဆက်သွယ်ရေးစက်များ ၊ မိုင်း ၊ လက်ပစ်ဗုံး ၊ ကွန်ပျူတာများ ၊ ဖုန်းများ ၊ ဆက်စပ်ခဲယမ်းမီးကျောက်များ၊ အသုံးအဆောင်များအား သိမ်းဆည်းရမိသည်ဟု ကရင်နီအမျိုးသားကာကွယ်ရေးတပ်၏ တာဝန်ခံကပြောသည်။
တိုက်ပွဲအတွင်း လက်ရှိအချိန်ထိ KNDF မှ ရဲဘော် နှစ်ဦး ၊ KA မှရဲဘော် နှစ်ဦး ၊ နေပြည်တော် PDF မှ ရဲဘော် တစ်ဦးတို့ ကျဆုံးခဲ့ရသည်ဟု သိရသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားအရာရှိ သေဆုံးသည့် အခြေအနေကို မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
လက်ရှိအချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ ၏ စစ်ကြောင်းကြောင့် ဒေါညင်းခူ ၊ ဒေါဆိုဖျ ၊ ဒေါတမကြီး ကျေးရွာများရှိ ဒေသခံများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ကောင်စီတပ်ဖွဲ့၏ လေကြောင်းပစ်ခတ်မှု ၊ လက်နက်ကြီး ပစ်ခတ်မှု အပြင် မီးရှို့ဖျက်ဆီးမှုများကြောင့် နေအိမ် ၁၀၀ ကျော် မီးလောင်ပျက်စီးခဲ့သည်ဟု ဆိုသည်။
“လေယာဉ်ကတော့ နေ့တိုင်းပဲ မတ်လ ၉ ရက်နေ့ကတည်းက နေ့တိုင်းလေယာဉ်နဲ့ ဗုံးလာကြဲတယ်။ အခုထိပဲ၊ ကျွန်တော်တို့ အဲ့တာတွေကို မှတ်တမ်းတင်နေပါတယ်”ဟု ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဗဟို သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။
ယနေ့ မတ်လ ၂၅ ရက် နေ့လယ်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းမှ ဒေါဆိုဖျ ကျေးရွာကို ပြန်လည်စစ်ကြောင်းထိုးလာနေသည်ဟု ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ၊ မတ်လ ၈ ရက်နေ့ မှစ၍ ကရင်နီပြည်နယ် ၊ ဘောလခဲမြို့ မှ ဒီးမော့ဆိုမြို့နယ် ၊ ဒေါညင်းခူ ကျေးရွာဖက်သို့ စစ်ကြောင်း သုံးကြောင်းခွဲကာ အင်အား ၃၃၀ ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်နီ ပူးပေါင်းတပ်များကြား ထိတွေ့တိုက်ပွဲများ နေ့စဉ်ပြင်းထန်နေသည်ဟု သိရသည်။
စစ်ကောင်စီ၏ စကခ (၂) လက်အောက်ခံ တပ်ရင်း သုံးရင်းဖြစ်သည့် ခလရ (၁၂) ၊ ခမရ (၅၁၆)၊ ခမရ (၅၁၅) တပ်ရင်းများသည် ဒေါညင်းခူ ၊ ဒေါဆိုဖျ ၊ ဒေါတမကြီး ကျေးရွာများထဲကို စတင်ထိုးစစ်ဆင် ဝင်ရောက်လာချိန်တွင် ကရင်နီတပ်မတော် KA ၊ KNDF/B (10) ၊ KNDF/B (15) ၊ ဘောလခဲ PDF တို့ ပူးပေါင်းကာ ခုခံတိုက်ခိုက်မှုများကြောင့် နေ့စဉ်ထိတွေ့တိုက်ပွဲများ ပြင်းထန်နေသည်ဟုလည်း သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)