စစ်ကောင်စီ၏ မန္တလေးတိုင်းရုံး အနီးတွင် ပေါက်ကွဲမှု ဖြစ်ပွား

By 007 (မဇ္ဈိမ)
24 March 2023
စစ်ကောင်စီ၏ မန္တလေးတိုင်းရုံး အနီးတွင် ပေါက်ကွဲမှု ဖြစ်ပွား
ဓာတ်ပုံ- မန္တလေးတိုင်းရုံးနီး မြင်ကွင်း

မန္တလေးတိုင်း စစ်ကောင်စီရုံး အနီးတွင် ယနေ့မတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းက ဗုံးပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်ခဲ့ကြောင်း ဒေသခံ များထံမှ သိရသည်။

“အသံက အကြီးကြီးပဲ၊ လေးငါးချက်လောက်ဆက်တိုက်ကြားလိုက်ရတာဗျ၊ တိုင်းအစိုးရရုံးက ယာဉ်တန်း မိုင်း ဆွဲခံရတာလို့လည်းကြားတယ်၊ အခု ကျွန်တော်တို့ဘက်က လမ်းတွေအကုန် ပိတ်ပြီးစစ်နေတယ်” ဟု တိုင်းရုံးအနီး နေထိုင်သူတစ်ဦးက ပြောသည်။

မန္တလေး၊ အောင်မြေသာစံမြို့နယ် ၆၄ လမ်း၊ ၂၅ လမ်းနှင့် ၂၆ လမ်းကြားတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲသည့်နေရာသည် ၆၄ လမ်း၊ ၂၃ လမ်းနှင့် ၂၄ လမ်းကြားရှိ စစ်ကောင်စီ၏ မန္တလေးတိုင်းရုံးနှင့် နှစ်လမ်းမြောက်တွင် ဖြစ်သည်။

ဗုံးပေါက်ကွဲမှုဖြစ်ခဲ့သော လမ်းနှင့် အနီးတဝိုက်တွင် စစ်ကောင်စီ၏ လက်နက်ကိုင် စစ်သားနှင့် ရဲများက ပိတ်ဆို့ စစ်ဆေးမှုများ တင်းတင်းကျပ်ကျပ် ပြုလုပ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ပေါက်ကွဲမှုအား မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်ခြင်းသည်ကို မသိရသေးပေ။

မန္တလေးမြို့တွင် မတ် ၅ ရက်နေ့မှ ယနေ့ မတ်လ ၂၄ အထိ စစ်ကောင်စီ၏ နေရာ ငါးခုနှင့် အုပ်ချုပ်ရေးအဖွဲ့များ ဆက်တိုက် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီး ရဲတပ်သား တစ်ဦးနှင့် ရာအိမ်မှူးနှစ်ဦးသေဆုံးသွားသကဲ့သို့ တိုင်းအဆင့် အပါအဝင် ဝန်ထမ်းလေးဦးနှင့် ရဲတပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

စာတည်း။  ။ နောင်နောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required