စစ်ကောင်စီတပ်ရောက်ရှိ​နေစဉ် ကျေးရွာအတွင်းကျန်ရှိနေသည့် ဒေသခံ ၁၅ ဦးကို PDF ပူးပေါင်းအဖွဲ့များ ကယ်ထုတ် 

By 001 မဇ္စျိမ
23 March 2023
စစ်ကောင်စီတပ်ရောက်ရှိ​နေစဉ် ကျေးရွာအတွင်းကျန်ရှိနေသည့် ဒေသခံ ၁၅ ဦးကို PDF ပူးပေါင်းအဖွဲ့များ ကယ်ထုတ် 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ တောင်စလုံးရွာရှိ ဘုန်းကြီးကျောင်းနှင့် ရွာထိပ်စေတီတို့၌ စစ်ကောင်စီတပ်ရောက်ရှိနေစဉ် ကျေးရွာအတွင်းကျန်ရှိနေသည့် ဒေသခံ ၁၅ ဦးကို PDFပူးပေါင်းအဖွဲ့များက ကယ်ထုတ်နိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက မတ်လ ၂၂ ရက်နေ့က ထုတ်ပြန်ထားသည်။ 

ပြီးခဲ့သည့် မတ်လ ၈ ရက်​နေ့က စစ်ကောင်စီတပ် ရောက်ရှိရာနေရာနှင့် ​မီတာ ၁၀၀ မှ ၅၀၀ အကွာအ​ဝေးအတွင်းသာ ရှိ​နေ​​သော ​နေအိမ်များမှ ​​ဒေသခံများအား ကယ်ထုတ်ရန် PNDF နှင့် ညီနောင်တပ်ရင်းတပ်ဖွဲ့များမှ ရန်သူ့အနီးတစ်ဝိုက်သို့ သတိကြီးစွာချဉ်းကပ်ပြီး ရွာသား စုစုပေါင်း ၁၅ ဦးအား အန္တရာယ်ကင်းစွာ ကယ်ဆယ်နိုင်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ဆိုထားသည်။ 

“ကယ်တင်ထားသူများထဲတွင် စိတ်မကျန်းမာသူများ၊ သက်ကြီးရွယ်အို၊ နာမကျန်းသူများလည်းပါရှိသည်။ ကယ်ဆယ်ရေးလုပ်ငန်းအပြီး သက်ဆိုင်ရာဆေးတပ်ဖွဲ့များနှင့်အတူ ကျန်းမာရေးစောင့်ရှောက်မှု ခံယူပေးနိုင်ခဲ့ပြီး စားနပ်ရိက္ခာများကိုလည်း အနည်းအကျဉ်း ဝေမျှပေးနိုင်ခဲ့ပါသည်”ဟု ကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။ 

ကျေးရွာအတွင်း ကျန်ရှိနေသည့်ဒေသခံများအား ကူညီကယ်ဆယ်ရေးကို ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (PNDF)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (NPT PDF)၊ (၁၀၀၃) တပ်ရင်းတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ 

PNDFမှ ကယ်ဆယ်ထားသူများနှင့် KNDFမှ ကယ်ဆယ်ထားသူများကို မတ်လ ၂၂ ရက်နေ့တွင် မိသားစုများရှိနေသည့် စစ်ဘေးရှောင်စခန်းသို့ ချိတ်ဆက်ပို့ဆောင်ပေးခဲ့ပြီး PNDFမှ စစ်​ရှောင်တစ်ဦးလျှင် ကျပ်နှစ်သောင်းနှုန်း၊ လာရောက်သယ်ယူပို့ဆောင်သည့် လူမှုကူညီရေးအတွက် ကျပ်သုံးသောင်းထောက်ပံ့ပေးခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ 

ပင်လောင်းမြို့နယ်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကစပြီး တိုက်ပွဲများ ပြင်းထန်ခဲ့ခြင်းဖြစ်ကာ လက်ရှိတွင်ဒေသခံ ၆,၀၀၀ ဝန်းကျင် စစ်ဘေးရှောင်နေရကြောင်း ကူညီကယ်ဆယ်ရေးပြုလုပ်နေသူများထံမှ သိရသည်။ လက်ရှိ ပင်လောင်းမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်အချို့မှာ ဖျားနာမှုများရှိနေပြီး ဆေးဝါးအကူအညီများ လိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီနေသူတစ်ဦးက ပြောသည်။ 

စာတည်း - သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required