ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းကို ထောက်ခံသူများအား ပါကစ္စတန်ရဲတပ်ဖွဲ့ ဖမ်းဆီး

By ABC News
23 March 2023
ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းကို ထောက်ခံသူများအား ပါကစ္စတန်ရဲတပ်ဖွဲ့ ဖမ်းဆီး

ပါကစ္စတန်တွင် ရာထူးမှဖယ်ရှားခံခဲ့ရသော ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းအား အဂတိလိုက်စားမှုစွဲချက်များဖြင့် အမှုစစ်ဆေးခဲ့သော အစ္စလာမာဘတ်တရားရုံးအပြင်ဘက်၌ ပြီးခဲ့သည့် သီတင်းပတ်ကုန်က တာဝန်ရှိသူများကို တိုက်ခိုက်ခဲ့သည့် ခန်းအား ထောက်ခံသူများကို ပါကစ္စတန်ရဲတပ်ဖွဲ့က မတ်လ ၂၀ ရက်တွင် ဖမ်းဆီးလိုက်သည်။ 

အစ္စလာမာဘတ်တွင် မတ်လ ၁၈ ရက်က အီမရန်ခန်းအား ထောက်ခံသူ ၅၉ ဦး ကို ဖမ်းဆီးခဲ့ပြီး ၂၀ ရက်နေ့အထိ ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၁၉၈ ဦးအထိ ရှိလာခဲ့သည်။

အဓိကရုဏ်းနှိမ်နင်းရေးရဲများက နံပါတ်တုတ်များကိုင်ဆောင်ကာ မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်စဉ် အီမရန်ခန်းထောက်သူများက မီးလောင်ဗုံးများ၊ ကျောက်ခဲများဖြင့် ပြန်လည်ပစ်ပေါက်ခဲ့ကြသည်။ ရဲတပ်ဖွဲ့ဝင် ၅၀ ကျော် ဒဏ်ရာရခဲ့ပြီး ရဲစစ်ဆေးရေးဂိတ်တစ်ခု၊ ကားနှင့် ဆိုင်ကယ်အများအပြား မီးရှို့ခံခဲ့ရသည်။

ရဲတပ်ဖွဲ့သည် အီမရန်ခန်းအား ထောက်ခံသူများနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီးနောက် လာဟိုးမြို့ အရှေ့ပိုင်းရှိ ခန်း၏နေအိမ်ကို မတ်လ ၁၈ ရက်တွင် ဝင်ရောက်စီးနင်းခဲ့ကာ သံသယရှိသူ ၆၁ ဦးကို ဖမ်းဆီးခဲ့ပြီး ဓာတ်ဆီဗုံးများ၊ လက်နက်များနှင့် ခဲယမ်းမီးကျောက်များကို သိမ်းဆည်းခဲ့သည်။

အီမရန်ခန်းသည် ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်စဉ်ရရှိခဲ့သော နိုင်ငံတော်အဆင့် လက်ဆောင်များနှင့် ပိုင်ဆိုင်မှုများကို ထိမ်ချန်၊ ရောင်းချခဲ့မှုဆိုင်ရာ စွဲချက်များအတွက် အစ္စလာမာဘတ်သို့ သွားရောက်ကာ တရားရုံးတွင် အမှုရင်ဆိုင်နေသည့်အတွက် နေအိမ်၌ ရှိမနေခဲ့ပေ။ 

ရဲတပ်ဖွဲ့ဝင်များက ခန်းကို ဖမ်းဆီးရန် ကြိုးပမ်းစဉ် ပြီးခဲ့သည့် သီတင်းပတ်အစောပိုင်းက လာဟိုးရှိ ၎င်း၏နေအိမ်၌  ရဲတပ်ဖွဲ့ဝင်များနှင့် ခန်းအား ထောက်ခံသူများအကြား ၂ ရက်ကြာ ရုန်းရင်းဆန်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် တရားရုံးက အီမရန်ခန်းအတွက် ဖမ်းဝရမ်းကို ဆိုင်းငံ့ခဲ့သည်။

အစ္စလာမာဘတ်ရှိ ရဲတပ်ဖွဲ့က အီမရန်ခန်းအပါအဝင် ၎င်း၏လက်ထောက် ၁၇ ဦးနှင့် ထောက်ခံသူ အများအပြားကို စွဲချက်တင်ခဲ့ပြီး လွန်ခဲ့သည့်ရက်က အစ္စလာမာဘတ်တွင် ရုန်းရင်းဆန်ခတ်မှုများနှင့် ဆက်နွှယ်သည့် အကြမ်းဖက်မှုများနှင့် ပြစ်မှုများ ကျူးလွန်ခဲ့ကြောင်းလည်း စွပ်စွဲထားသည်။ ဖမ်းဆီးခံရသူများထဲတွင် ခန်း၏ တူဖြစ်သူ အာစဆန်နီယာဇီလည်း ပါဝင်ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ခန်းက မိမိအနေဖြင့် မည်သည့်အမှားအယွင်းကိုမျှ ပြလုပ်ခဲ့ခြင်းမရှိကြောင်း ငြင်းဆိုထားပြီး ၎င်းအားရာထူးမှ ဖယ်ရှားမှုသည် ရှာရစ်ဖ်အစိုးရနှင့် အမေရိကန်တို့၏ ပူးပေါင်းကြံစည်မှုဖြစ်သည်ဟု ပြောဆိုထားသည်။ ရှာရစ်ဖ်နှင့် အမေရိကန်နိုင်ငံတို့က အဆိုပါစွပ်စွဲချက်များကို ပယ်ချထားသည်။

အီမရန်ခန်းသည် ပြီးခဲ့သည့် နိုဝင်ဘာလ ချီတက်ဆန္ဒပြပွဲတစ်ခု၌ သေနတ်သမားတစ်ဦးက ၎င်း၏ကားနှင့် ထောက်ခံသူများကို ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ဒဏ်ရာရပြီးချိန်မှစ၍ ၎င်းအား လုပ်ကြံရန် ကြံစည်မှုများ ရှိနေကြောင်း ပြောဆိုထားသည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် ခန်းကို ထောက်ခံသူ ၁ ဦးသေဆုံးခဲ့ပြီး ၁၃ ဦး ဒဏ်ရာ ရရှိခဲ့သည်။ 

အစ္စလာမာဘတ်တွင် မတ်လ ၁၈ ရက်က တရားရုံးတွင် အမှုစစ်ဆေးရန် စီစဉ်ထားခြင်းမှာ ယင်းကဲ့သို့ ကြံစည်မှုဖြစ်ကြောင်းနှင့် နောက်ပိုင်းတွင် အသေးစိတ်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း အီမရန်ခန်းက မတ်လ ၂၀ ရက်တွင် ပြောကြားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly