ဒါလီချောင်းတံတားကို ပြန်လည်ပြုပြင်ရန်လာသည့် စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီး ၄၀ကျော်သေဆုံး အများအပြားထိခိုက်ဒဏ်ရာရ 

By သွင်ထူးဈာန်  ကော်သူးလေ(မဇ္ဈိမ)
18 March 2023
ဒါလီချောင်းတံတားကို ပြန်လည်ပြုပြင်ရန်လာသည့် စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီး ၄၀ကျော်သေဆုံး အများအပြားထိခိုက်ဒဏ်ရာရ 

ကရင်ပြည်နယ်၊ ဒူးပလာယာခရိုင် ကြာအင်းဆိပ်ကြီးမြို့ သံပုရာအုပ်စု မကျည်းကလပ်ကျေးရွာနှင့် ကော့ကမာကျေးရွာအကြား မတ်လ ၁၅ရက်နေ့၊ ညနေ ၄နာရီ ၁၅မိနစ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ အယောက် ၄၀ကျော်သေဆုံးခဲ့ပြီး ၃၀ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ 

စစ်ကောင်စီတပ်မှ ရတခတိုင်းလက်အောက်ခံ တပ်ရင်း/တပ်မများ၊ (၅၅၇)၊(၂၀၈)၊(၂၀၉) BE မိုင်းရှင်းလင်းရေးတပ်မှ ဒုဗိုလ်မှူးကြီးကျော်ဇေယျ ဦးဆောင်သော အင်အား၂၀၀ ဝန်းကျင်ဖြင့် ဒါလီချောင်းတံတားကို ပြုပြင်ရန်လာသည့် စစ်ကြောင်းနှင့် ကရင့်လက်နက်ကိုင် ပူးပေါင်းတပ်တို့ ထိပ်တိုက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ 

“သူတို့က ပျက်စီးသွားတဲ့ ဒါလီချောင်းတံတားကို လာပြင်တာလို့ယူဆရတယ်၊ အဲ့တံတားပျက်သွားတာ သူတို့ဆက်သွယ်ရေးလမ်းကြောင်း ပျက်သွားတယ်လေ၊ သူတို့ဘက်က အသေများတယ်၊ လက်နက်က ကောက်လို့မရခဲ့ဘူး၊ ချောင်း ဟိုဘက် ဒီဘက်ကနေပစ်ကြတာ၊ သူတို့ဘက်က အသံတွေလည်းကြားရတယ်၊ ကျနော်တို့ဘက်က ဒရုန်းနဲ့ကြဲတယ်၊ လက်နက်ငယ် လက်နက်ကြီးတွေနဲ့ပစ်တယ်”ဟု Lion Battalion Commando Special Forceစစ်ကြောင်းမှ ပြန်ကြားရေးတာဝန်ခံ တောင်ပိုင်းနဂါးမှ ပြောသည်။ 

စစ်ကောင်စီတပ်သည် ထိခိုက်ကျဆုံးမှုများပြီး တပ်ပျက်ကာထွက်ပြေးခဲ့ရ၍ ထိခိုက်ဒဏ်ရာရရှိသူများကို သံပုရာရွာမှ မီးသတ်ရုံတွင် ဆေးကုသနေရကြောင်းသိရသည်။ ကျေးရွာမှ ဒေသခံများနှင့် ကားများကို ပေါ်တာဆွဲခြင်းများ စစ်ကောင်စီတပ်မှ ပြုလုပ်ခဲ့ကြောင်းသိရသည်။ 

ယနေ့တွင် ဒါလီချောင်းအတွင်း စစ်ကောင်စီတပ်မှ အလောင်း သုံးလောင်းမျောပါလာကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီတပ်မှ ကရင်ပြည်နယ်အတွင်း စစ်ကြောင်းထိုးရန် ယင်းတံတားကို အသုံးပြုနေခြင်းဖြစ်ပြီး ဇန်နဝါရီလ၂၆ရက်နေ့တွင်  ကရင့်လက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့များမှ မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ 

စာတည်း - သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required