အမျိုးသမီး တရားသူကြီးကို ခြိမ်းခြောက်မှုဖြင့် ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းကို အာမခံမပေးနိုင်သည့် ဖမ်းဝရမ်းထုတ်

By ANI 
16 March 2023
အမျိုးသမီး တရားသူကြီးကို ခြိမ်းခြောက်မှုဖြင့် ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းကို အာမခံမပေးနိုင်သည့် ဖမ်းဝရမ်းထုတ်

ပါကစ္စတန်နိုင်ငံ၊ အစ္စလာမာဘတ်မြို့ရှိ ခရိုင်နှင့် စက်ရှင်တရားရုံးက ပါကစ္စတန်တီရစ်-အီ-အင်ဆက်ဖ် (PTI)ပါတီ ဥက္ကဋ္ဌ အီမရန်ခန်းအား ခရိုင်နှင့်စက်ရှင် အမျိုးသမီးတရားသူကြီးနှင့် အကြီးတန်းရဲအရာရှိများကို ခြိမ်းခြောက်မှုဖြင့် မတ်လ ၁၃ ရက်က အာမခံမပေးနိုင်သည့် ဖမ်းဝရမ်းထုတ်ခဲ့ကြောင်း Dawn သတင်းတွင် ဖော်ပြထားသည်။ 

ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းကို ဖမ်းဆီးရန်နှင့် မတ်လ ၂၉ ရက်နေ့ နောက်ဆုံးထားပြီး တရားရုံးရှေ့မှောက်အရောက်ပို့ရန် တရားမမှုဆိုင်ရာ အကြီးတန်း တရားသူကြီး ရာနာမူဂျာဟစ်ရာဟင်က ရဲတပ်ဖွဲ့ကို ညွှန်ကြားခဲ့သည်။
နောက်ထပ်တရားစွဲဆိုမှုများမှ ပလပ်ပေးရန်တောင်းဆိုသည့် အီမရန်ခန်း၏ အသနားခံလွှာနှင့်ပတ်သက်သည့် လျှောက်လဲချက်များကို ရုံးတော်က ကြားနာသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အီမရန်ခန်းက တရားရေးဌာနှင့် ရဲတပ်ဖွဲ့တို့သည် ရှားဘတ်ဂေးလ်အား ဖမ်းဆီးချုပ်နှောင်ထားစဉ် ညှဉ်းပန်းနှိပ်စက်ခဲ့ကြောင်း ဩဂုတ်လ ၂၀ ရက်က စွပ်စွဲပြစ်တင်ခဲ့ပြီး ၎င်း၏ပါတီအနေဖြင့် စစ်ဆေးရေးရဲမှူးချုပ် (IGP) အက္ကဘာခန်း၊ ဒုတိယ စစ်ဆေးရေးရဲမှူးချုပ်နှင့် ခရိုင်နှင့်စက်ရှင်တရားသူကြီး ဇီဘာချောင်ဒရီတို့ကို တရားစွဲဆိုသွားမည်ဟု ကြေညာခဲ့သည်။ 

အီမရန်ခန်းသည် ကနဦးတွင် ပါကစ္စတန် ရာဇသတ်ကြီး ဥပဒေ (PPC)နှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးအက်ဥပဒေ(ATA)ပါ ပုဒ်မအမျိုးမျိုးဖြင့် စွဲချက်တင် ခံခဲ့ရသည်။ ထို့ပြင် အစ္စလာမာဘတ် တရားလွှတ်တော်(IHC) ကလည်း တရားရုံး၏ တရားစစ်ဆေးစီရင်မှုများကို မထီမဲ့မြင်ပြုမှုဖြင့် တရားစွဲဆိုခဲ့သည်။

နောက်ပိုင်းတွင် အစ္စလာမာဘတ် တရားလွှတ်တော်က အီမရန်ခန်းအပေါ် စွဲဆိုထားသည့် အကြမ်းဖက်မှုစွဲချက်များကို ဖယ်ရှားခဲ့ပြီး တောင်းပန်စာတင်သွင်းပြီးနောက် မထီမဲ့မြင်ပြုမှုမှလည်း ပလပ်ပေးခဲ့သည်။ သို့သော် တရားသူကြီးအား ခြိမ်းခြောက်မှုဖြင့် ပထမသတင်းပေးတိုင်ကြားချက်(FIR) ဖွင့်လှစ်ထားသော အလားတူအမှုမျိုးကို စက်ရှင်တရားရုံးတွင် ဆိုင်းငံ့ထားပြီး ကြားနာမှု ပြန်လည်စတင်သည့်နေ့တွင် အီမရန်ခန်းအား လူကိုယ်တိုင် ရုံးတော်သို့လာရောက်မှုရင်ဆိုင်ခြင်းမှ ကင်းလွတ်ခွင့်ပြုရန် ပါကစ္စတန်တီရစ်-အီ-အင်ဆက်ဖ် (PTI)ပါတီက အသနားခံစာ တင်သွင်းခဲ့သည်။

တရားသူကြီးရာဟင်က အီမရန်ခန်းအနေဖြင့် မတ်လ ၁၃ ရက်နေ့တွင် တရားရုံးရှေ့မှောက်သို့လာရောက်ရန် ပျက်ကွက်ပါက အာမခံမပေးနိုင်သည့် ဖမ်းဝရမ်းထုတ်နိုင်ကြောင်း သတိပေးချက်ထုတ်ပြန်ခဲ့သည်။

ကြားနာမှု ခေတ္တရပ်နားပြီးနောက် အီမရန်ခန်း၏ ရှေ့နေ နာဒင်းပန်ဂျိုသာက ၎င်း၏ အမှုသည်အား  တရားသေလွှတ်ပေးရန် တောင်းခံသည့် အသနားခံစာတစ်စောင် ထပ်မံတင်သွင်းခဲ့ကြောင်း Dawn သတင်းတွင် ဖော်ပြခဲ့သည်။

အီမရန်ခန်းသည် အစ္စလာမာဘတ်ရှိ စက်ရှင်တရားရုံးတစ်ခုတွင် စွဲချက်တင်ခံထားရသည့်အမှုကို ကြားနာရေး လာရောက်ရန် ၃ ကြိမ်ပျက်ကွက်ခဲ့သည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly