Burma Campaign UK က Boycott စာရင်းတွင် အသစ်ထည့်သွင်း 

Burma Campaign UK က Boycott စာရင်းတွင် အသစ်ထည့်သွင်း 

မြန်မာစစ်တပ်ပိုင် ကုမ္ပဏီများနှင့် အမှတ်တံဆိပ်များကို Boycott (မပတ်သက်ဘဲ သပိတ်မှောက်ခြင်း) စာရင်း၌ စာရင်းသစ်များ ထည့်ကာ Burma Campaign UK က ထုတ်ပြန်လာခဲ့သည်။ 

အဆိုပါ Boycott စာရင်းတွင် မြန်မာစစ်တပ်၏ ကြီးမားသော စီးပွားရေး အင်ပါယာက ထုတ်ကုန်များနှင့် အမှတ်တံဆိပ်များ ပါဝင်ပြီး တသီးပုဂ္ဂလများ၊ ကုမ္ပဏီများ၊ အဖွဲ့အစည်းများနှင့် အစိုးရများအနေဖြင့် စစ်တပ်ကုမ္ပဏီများမှ ကုန်စည်များနှင့် ဝန်ဆောင်မှုများကို အသုံးပြုခြင်းမှ ရှောင်ကြဉ်ရန် Burma Campaign UK က ဆိုထားသည်။ 

အသစ်ထည့်သော စာရင်း ငါးခုမှာ Angel စားသောက်ဆိုင်(ပုသိမ်)၊ နေပြည်တော်ဈေး၊ ကြယ်ငါးပွင့်ဝင်း(ရန်ကုန်)၊ ကြယ်ငါးပွင့်ဆိပ်ကမ်း(သာကေတ)နှင့် ဂန္ဓမာဈေးတို့ ဖြစ်ကြာသည်။ ယင်းစာရင်းမှာ စစ်တပ်ကုမ္ပဏီသစ် သို့မဟုတ် အမှတ်တံဆိပ် မဟုတ်သော်လည်း ယခင် စာရင်းပါ ကုမ္ပဏီများ၊ အမှတ်တံဆိပ်များ၏ တစိတ်တပိုင်းပဲ ဖြစ်သည်။ Boycott စာရင်းအား ဖြစ်နိုင်သမျှ ကျယ်ကျယ်ပြန့်ပြန့် ကျိန်းသေစေရန် ပေါင်းထည့်ခြင်းပဲ ဖြစ်သည်။ 

စာရင်းပါ တစ်ခုအား ဖယ်ရှားလိုက်ရာတွင် ယင်းမှာ စစ်တပ်ပိုင် ကြယ်ငါးပွင့်သင်္ဘောလိုင်းမှ ရောင်းချသော Yaan Byea ကုန်တင်သင်္ဘောပဲ ဖြစ်သည်။ 

တပ်ပိုင်နှင့် တပ်ထိန်းချုပ်သော ကုမ္ပဏီများသည် မြန်မာစစ်တပ်အတွက် ဘဏ္ဍာငွေ ရရှိသည့် အရေးပါသော ရင်းမြစ်များ ဖြစ်သည်။ စစ်တပ်ထံမှ ကုန်စည်နှင့် ဝန်ဆောင်မှုများ ဝယ်ယူခြင်းသည် ၎င်းတို့အတွက် ဘဏ္ဍာငွေ တိုးစေပြီး ယင်း ဘဏ္ဍာငွေများမှာလည်း ၎င်းတို့၏ စစ်ဆင်ရေးများကို ရန်ပုံငွေ ထောက်နေခြင်းဖြစ်သကဲ့သို့ စစ်တပ်၏ စွမ်းဆောင်ရည်ကို တည်ဆောက်ပေးပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် လမ်းပွင့်စေခြင်းပဲ ဖြစ်သည်။ 

“ဒီ Boycott စာရင်းပါကို ရှောင်ကြဉ်ပြီး စစ်တပ်ကို ရန်ပုံငွေ ထောက်မတာမျိုးက ရှောင်လွှဲပစ်ရမှာ ဖြစ်တယ်၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ မငြိစွန်းဘူးဆိုတာကို ကုမ္ပဏီတွေနဲ့ ကုလသမဂ္ဂ အေဂျင်စီတွေအနေနဲ့ ကျိန်းသေစေရမှာ ဖြစ်တယ်”ဟု Burma Campaign UK မှ ညွှန်ကြားရေးမှူး မတ် ဖာမန်နာက ပြောသည်။ 

“မြန်မာနိုင်ငံက သံရုံးတွေနဲ့ အကူအညီ လှူဒါန်းသူတွေ အားလုံး စစ်တပ်ကုမ္ပဏီတွေဆီက ကုန်စည်နဲ့ ဝန်ဆောင်မှုတွေ မဝယ်ဘူးဆိုတဲ့ မူဝါဒ ရှိထားသင့်တယ်၊ ဒေသတွင်းနဲ့ နိုင်ငံတကာ NGOs တွေအနေနဲ့လည်း စစ်တပ်ကုမ္ပဏီတွေဆီက ကုန်စည်တွေနဲ့ ဝန်ဆောင်မှုတွေ ဝယ်ယူခြင်း မပြုသင့်ဘူး”ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly