မူးပြီးအိပ်ပျော်နေသည့် စစ်ကောင်စီတပ်ကင်းစခန်းမှယူဆောင်လာသည့် သေနတ် ၂ လက်အား ပြည်သူ့ ကာကွယ်ရေးအဖွဲ့ထံ ပေးအပ်

By သွင်ထူးဈာန်  ကော်သူးလေ(မဇ္ဈိမ)
13 March 2023
မူးပြီးအိပ်ပျော်နေသည့် စစ်ကောင်စီတပ်ကင်းစခန်းမှယူဆောင်လာသည့် သေနတ် ၂ လက်အား ပြည်သူ့ ကာကွယ်ရေးအဖွဲ့ထံ ပေးအပ်

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ဥက္ကံမြို့၊ ကျွန်းတောကုန်း သကြားစက်အနီး လျှပ်စစ် ဓာတ်အားပေးရုံ၌တပ်စွဲထားသည့် စစ်ကောင်စီတပ်ကင်းစခန်းမှ သေနတ်နှစ်လက်အား ပြည်သူနှစ်ဦးက ယူဆောင်လာပြီး ကာကွယ်ရေးတပ်ဖွဲ့သို့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဥက္ကံမြို့အခြေစိုက် အမှတ် (၂၀၁၇) လေကြောင်းရန်ကာကွယ်ရေးတပ်ရင်းမှ စစ်ကောင်စီတပ်သားများ ကင်းစောင့်နေရင်း မူးပြီးအိပ်ပျော်နေစဉ် ပြည်သူနှစ်ဦးမှ အဆိုပါသေနတ် နှစ်လက်အား ရယူနိုင်ခဲ့ခြင်းဖြစ် ကြောင်း ဆိုသည်။

ယင်းနောက် ထို MA-3 သေနတ်နှစ်လက်ကို ရယူနိုင်ခဲ့သောပြည်သူနှစ်ဦးက လာရောက်အပ်နှံခဲ့ခြင်းဖြစ် ကြောင်း သာယာဝတီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံ ကိုလူအေးက မဇ္ဈိမကို ပြောသည်။

အဆိုပါ MA-3 သေနတ်နှစ်လက်ကိုရယူနိုင်ခဲ့သော အဖြစ်အပျက်သည် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့ ညပိုင်းတွင်ဖြစ်ပျက်ခဲ့ခြင်းဖြစ်သည်။ လက်နက်ယူဆောင်လာခဲ့သည့် ပြည်သူနှစ်ဦး၏ လုံခြုံရေး ကြောင့် ယနေ့ မတ်လ ၁၃ ရက်နေ့မှ တရားဝင်ထုတ်ပြန်ခြင်းဖြစ်ကြောင်းလည်း ၎င်းကပြောသည်။

“အဲ့ဒီ သေနတ်နှစ်လက်ကို ဥက္ကံပြည်သူတွေက သာယာဝတီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ နှစ်ကုန် ပိုင်းက အပ်နှံပေးခဲ့တာပါ။ အခန့်မသင့်ရင် တစ်ပါတည်း မိမိအသက်ပါ ပေးဆပ်ရနိုင်တာကိုသိသိနဲ့ အခုလို အရဲစွန့်ပြီး သူနိုင်စွမ်းတဲ့ တော်လှန်ရေးတာဝန်ကို ထမ်းဆောင်ခဲ့တာပါပဲ”ဟု သာယာဝတီမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ တာဝန်ခံ ကိုလူအေးက ပြောသည်။

၎င်းသေနတ်နှစ်လက်အပြင် ၅.၅၆ ကျည်အတောင့် ၄၀၀ ပါ ရယူနိုင်ခဲ့ကြောင်းလည်း သာယာဝတီမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ဆိုသည်။

သေနတ်နှစ်လက်ကို စွန့်စားကာရယူနိုင်ခဲ့သည့်ပြည်သူနှစ်ဦးကို ငွေကျပ်သိန်း ၆၀ နှင့် စခန်းရောက်အောင် စီစဥ်ပေးသူကို ငွေကျပ် ငါးသိန်းချီးမြှင့်ပေးခဲ့ကြောင်းလည်း သာယာဝတီမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ပြောသည်။

စာတည်း။   ။ နောင်နောင်
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly