ငရုတ်ကောင်းနယ်မြေရဲစခန်းတွင် PDF များထံမှ သိမ်းဆည်းလာသည့် ယမ်းများ အပူလွန်ပြီး ပေါက်ကွဲမှုဖြစ်ဟုဆို 

By မင်းထက် (မဇ္စျိမ)
11 March 2023
ငရုတ်ကောင်းနယ်မြေရဲစခန်းတွင် PDF များထံမှ သိမ်းဆည်းလာသည့် ယမ်းများ အပူလွန်ပြီး ပေါက်ကွဲမှုဖြစ်ဟုဆို 

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းနယ်မြေရဲစခန်းအတွင်း မတ်လ ၉ ရက်၊ ည ၇ နာရီခန့်အချိန်က ပေါက်ကွဲမှု နှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ 

အဆိုပါ ရဲစခန်းရှိ သက်သေခံပစ္စည်းများထားသည့် အခန်းအတွင်းမှ ပေါက်ကွဲမှုစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး PDF များထံမှ သိမ်းဆည်းလာသည့် ယမ်းများ အပူလွန်ကာ ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ငရုတ်ကောင်းရဲစခန်းနှင့် နီးစပ်သူတစ်ဦးကပြောသည်။ 

ပေါက်ကွဲမှုကြောင့် သက်သေခံပစ္စည်းများထားသည့်အခန်းနှင့် ကပ်လျှက်ရှိသော လက်နက်သိုလှောင်အခန်းမှအမိုးအကာများ ပျက်စီး ပြိုကျခဲ့ပြီး စစ်ကောင်စီလက်ပါးစေ ရဲတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။ 

"ပေါက်ကွဲမှုက နှစ်ကြိမ်တောင် ကြားလိုက်ရတာ။ ပထမ တစ်ကြိမ်က သက်သေခံပစ္စည်းထားတဲ့အခန်းထဲက ယမ်းတွေ အပူလွန်ပြီးပေါက်ကွဲတာ၊ နောက်တစ်ကြိမ်ပေါက်တာကတော့ ပိုပြီးပြင်းတယ်။  ရဲတွေရဲ့ ပစ္စည်းတွေပေါက်ကွဲတာဖြစ်နိုင်တယ်"ဟု ရဲစခန်းနှင့် နီးစပ်သူကဆိုသည်။ 

ပေါက်ကွဲမှုဖြစ်ပြီးနောက် ည ၉ နာရီခန့်အချိန်တွင် ငရုတ်ကောင်းရဲစခန်းသို့ ပုသိမ်ခရိုင်မှူးဆိုသူ လာရောက်စစ်ဆေးခဲ့ပြီး သက်သေခံပစ္စည်းတာဝန်ခံ ရဲတစ်ဦးအား ဖမ်းဆီးအချုပ်ချထားကြောင်း သိရသည်။ 

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၄ ရက်နေ့က ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့၊ သံပတ်ကွင်းကျေးရွာအနီးရှိ PDF စခန်းတစ်ခုကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲများက ဝင်ရောက်စီးနင်းပြီး လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းသွားခဲ့သည်ဟု ဒေသခံများ၏ပြောပြချက်အရ သိရသည်။ 

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly