မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကော့လှိုင်းကျေးရွာအုပ်စု၊ ကျုံမှိန်ကျေးရွာတွင် ယနေ့ မတ်လ ၈ ရက် နံနက် ၇ နာရီ ၃၀ မိနစ်က စစ်ကောင်စီတပ်မှပစ်ခတ်လိုက်သော လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲ ပြီး ကလေးငယ်နှစ်ဦး သေဆုံးကာ ဒေသခံနှစ်ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။
နံနက် ၇ နာရီကျော်မှစ၍ သထုံမြို့၊ ကြာပန်းအခြေစိုက် ခလရ(၂၄) မှ ကျုံမှိန်ရွာအတွင်းသို့ ၈၁ မမ၊ ၁၂၀ မမစသည့်လက်နက်ကြီးများဖြင့် ရှစ်လုံးပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး လက်နက်ကြီးကျည်ထိမှန်၍ နွားကျောင်း နေသော အသက်(၇)နှစ်အရွယ်မဝင်းဝင်းရီနှင့် အသက်(၁၃)နှစ်အရွယ် ယောကျ်ားလေးတစ်ဦး သေဆုံးခဲ့ ကြောင်း သိရသည်။
ထို့ပြင် အသက် (၁၂) နှစ်အရွယ် ကလေးငယ်တစ်ဦး လက်ဖျံရိုးကျိုးခဲ့ပြီး အသက် (၅၀) အရွယ် ဒေါ်မနူးဖိုး ဦးခေါင်းတွင်ထိမှန်၍ အသက်အန္တရာယ်စိုးရိမ်ရကာ သထုံပြည်သူ့ဆေးရုံ၌ ကုသမှုခံယူနေရကြောင်းသိရ သည်။
“သူတို့ စပစ်တာ ၇ နာရီနဲ့ ၈ နာရီကြားမှာပါ။ ၈၁ မမ၊ ၁၂၀ မမ အမျိုးအစားတွေနဲ့ ရှစ်လုံးပစ်တယ်” ဟု Hawk Revolutionary Squad မှ တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။
“သေသွားတဲ့ ကလေးနှစ်ယောက်နဲ့ အသက်ကြီးအမျိုးသမီးက နွားကျောင်းတဲ့သူတွေ။ နွားကျောင်းသွားဖို့ နွားတင်းကုတ်ထဲက နွားတွေကိုအပြင်ထုတ်တဲ့အချိန်မှာ လက်နက်ကြီးက ကျလာတယ်။ အမျိုးသမီးက ခေါင်းမှာဒဏ်ရာရပြီး ကလေးနှစ်ယောက်ကတော့ ပွဲချင်းပြီးသေသွားတယ်။ နွားတင်းကုတ်ထဲက နွားတစ် ကောင်လည်း သေသွားတယ်” ဟု ကျုံမှိန်ဒေသခံ အမျိုးသမီးတစ်ဦးက မဇ္ဈိမကိုပြောသည်။
ယခု ပစ်ခတ်မှုသည် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခြင်း မရှိ ဘဲ ကျေးရွာအတွင်းသို့ အကြောင်းမဲ့ပစ်ခတ်မှုဖြစ်ပြီး ဒေသခံများအား တမင်ရည်ရွယ်၍ ထိခိုက်စေလိုစိတ် မဖြင့် ပစ်ခတ်ခဲ့ခြင်းသာဖြစ်ကြောင်း HRS မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။
“အရင်ရက်ပိုင်းမှာ ကျနော်တို့ဘက်က Drone Bombing Attack (ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခြင်း) လုပ် ခဲ့တာရှိပါတယ်။ ဒီနေ့ကတော့ ထိတွေ့တိုက်ပွဲမရှိဘဲ တမင်တကာ ရည်ရွယ်ချက်ရှိရှိကို သထုံ၊ ကြာပန်း ခလရ(၂၄)ကနေ ကျုံမိန်ရွာထဲကို လက်နက်ကြီးနဲ့ပစ်ခဲ့တာပါ။ ဒီစကစတွေက သူတို့ထိရင်လက်နက်မဲ့ ပြည်သူနဲ့ရွာတွေကိုပစ်တော့တာပဲ” ဟု ၎င်းက ပြောသည်။
ကျုံမှိန်ကျေးရွာအတွင်းသို့ လက်နက်ကြီးကျရောက်မှုကြောင့် ဒေသခံများသည် စပါးရိတ်သိမ်းချိန် ဖြစ် သော်လည်း ရွာထဲတွင်မနေရဲတော့ဘဲ ဘေးကင်းရာ နေရာများသို့ ပြောင်းရွှေ့ရန် ပြင်ဆင်နေကြကြောင်း သိရသည်။
“အခုဆို ရွာထဲဘယ်သူမှ မနေရဲတော့ဘူး။ ဘိုးဘွားခေတ်ကတည်းက ထင်ရာကြဲပြီး သူတို့လုပ်ချင်သလို လုပ်နေတာ။ အပြစ်မဲ့ကလေးတွေသေတာမြင်တော့ သူတို့ကို အရင်ကထက်ပိုမုန်းတယ်”ဟု ဒေသခံ တစ်ဦးက သူမ၏ ခံစားချက်ကို ပြောဆိုသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ