ခင်ဦးမြို့နယ်အနောက်ခြမ်းရှိ ကလုံကျေးရွာကို စစ်ကောင်စီတပ်ကမီးဝင်ရှို့ 

By လွှမ်းမိုး (မဇ္ဈိမ)
07 March 2023
ခင်ဦးမြို့နယ်အနောက်ခြမ်းရှိ ကလုံကျေးရွာကို စစ်ကောင်စီတပ်ကမီးဝင်ရှို့ 

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အနောက်ခြမ်းတွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က မတ်လ ၇ ရက်၊ နံနက် ၇ နာရီခွဲခန့်မှစတင်၍ ကလုံကျေးရွာကို မီးတင်ရှို့နေကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။ 

“ ကျမတို့ ရွာကို စစ်ကောင်စီတပ်က တစ်ညအိပ်ပြီး ယနေ့နံနက်ခင်းမှာ အပစ်အခတ်မရှိဘဲနဲ့ မီးရှို့သွားတာ ဖြစ်ပါတယ်။ သုံးနာရီလောက် မီးအား ကောင်းကောင်း နဲ့ လောင်နေခဲ့တာ ဖြစ်ပါတယ်။ မီးလောင် အိမ်ခြေစာရင်းကတော့ အတိအကျမသိရသေးဘူး”  ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။ 

ကလုံကျေးရွာသည် အိမ်ခြေ ၃၀၀ ခန့်ရှိသောရွာကြီးဖြစ်ကာ ခင်ဦးမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မတ်လအတွင်း ပထမဆုံး မီးရှို့ခံရသည့် ရွာလည်းဖြစ်သည်။ 

လက်ရှိတွင် စစ်ကောင်စီတပ်သားများ ရွာအတွင်းမှပြန်လည်ထွက်ခွာသွားပြီဖြစ်သော်လည်း ကျေးရွာနေသူများမှ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရဆဲဟု သိရသည်။ 

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်မှ စစ်အင်အား ၁၂၀ ခန့် ဖြင့် စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ကန့်ဘလူနှင့် ခင်ဦးနယ်များမှ ဒေသခံ ၂၀ ဦးခန့်ကိုဖမ်းစီး၍ လူသားဒိုင်းအဖြစ်အသုံးပြုနေကြောင်းလည်း ရဲဘော်တစ်ဦးကဆိုသည်။ 

ယမန်နေ့တွင်လည်း ခင်ဦးမြို့နယ် သရက်ကုန်းကျေးရွာမှ အသက် ၉၂နှစ် အရွယ် အဖွားအိုတစ်ဦး စစ်ရှောင်နေရင်း အမောဖောက်ကာ သေဆုံးခဲ့ရကြောင်းသိရသည်။ 

အလားတူ မုံလှကျေးရွာ မှ အသက် ရှစ်နှစ်အရွယ် ကလေးငယ်တစ်ဦးသည်လည်း စစ်ကောင်စီတပ်သားများ ပစ်ခတ်လိုက်သည့် လက်နက်ကြီးစ ထိမှန်သေဆုံးခဲ့ရကြောင်း အခြားဒေသခံ တစ်ဦးကပြောသည်။ 

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေခြင်းကြောင့် သရက်ကုန်း ၊ မုံလှ၊ ကလုံ၊ငါးရုံကြီး ၊ ရှားတော စတဲ့ကျေးရွာများမှ ဒေသခံ ၆,၀၀၀ ခန့် စစ်ရှောင်နေရကြောင်း သိရသည်။ 

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။    ။သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly