ရန်ကုန် ၊ မတ် ၁၈ ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွင် အသစ်တိုးလာသည့် တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန ဖွဲ့စည်းခြင်းဖြင့် တိုင်းရင်းသားများမျှော်မှန်းနေသော ပြည်တွင်းစစ်အဆုံးသတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်နိုင်ရန် မဖြစ်နိုင်ကြောင်း ရှမ်းအမျိုးသားများဒီမိုကရေစီအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ဦးစိုင်းလိတ်က မဇ္ဈိမသို့ပြောသည်။
ဝန်ကြီးဌာနမှာ တိုင်းရင်းသားလူမျိုးများ အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ဥပဒေအရ ဖွဲ့စည်းခြင်းဖြစ်ပြီး ယင်းဥပဒေအား လေ့လာကြည့်ရာတွင် အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက် နံပါတ် ၂ တွင် (က) မှ (စ) အထိ ငြိမ်းချမ်းရေးဆိုသည့် စကားလုံး တစ်လုံးသာပါဝင်ကာ နည်းဥပဒေ မထွက် သေးသောကြောင့် တိုင်ရင်းသားများကို မည်မျှကာကွယ်ပေးနိုင်မည်၊မည်မျှအကျိုးဆောင်ပေးနိုင် မည်ကို အာမခံချက်မရှိကြောင်း ၎င်းကဆိုသည်။
"ကျွန်တော်တို့တိုင်းရင်းသားတွေမျှော်မှန်းနေတဲ့ ပြည်တွင်း စစ်အဆုံးသတ်ဖို့ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်ဘူး။ တိုက်ရိုက်လဲ မပတ်သက်ဘူး။ ကျွန်တော်ကတော့ ဒီဝန်ကြီးဌာနအစား ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုဝန်ကြီး ဌာန ဆိုပြီးဖွဲ့ရင် ပိုပြီးကောင်းမနေဘူးလား။'' ဟုဦးစိုင်းလိတ်က ရှင်းပြသည်။
ရခိုင်အမျိုးသားတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က အသစ်ဖွဲစည်းမည့် ဝန်ကြီးဌာန (၂၁) ဌာနတွင် တိုင်းရင်းသားရေးရာဝန်ကြီးမှာ တိုင်ရင်းသားလူမျိုးများ အခွင့်အရေးကို ကာကွယ် စောင့်ရှောက်သည့် ဥပဒေအရ ပေါ်ပေါက်လာခဲ့ပြီး ဝန်ကြီးဌာန အသစ်ဖြစ်၍ စီမံကိန်းမရှိ၊ ဘတ်ဂျက်မရှိသောကြောင့် စတင်တည်ဆောက်ရာတွင် တာဝန်ကြီးမားကာ ဌာန၏တာဝန်မှာ ပြည်တွင်းငြိမ်းချမ်းရေးမှသည် တိုင်းရင်းသားလူမျိုးတစ်ရာကျော် မျိုးနွယ်စုများ မပျောက်ပျက်အောင်၊ စာပေယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာ သမိုင်းအချက်အလက် မပျောက်အောင် ဆောင်ရွက်ရမည် ဟုဆိုသည်။
တိုင်းရင်းသားပါတီ ၂၃ ပါတီဖြစ်ဖွဲ့စည်းထားသော ညီနောင်တိုင်းရင်းသားများဖယ်ဒရေးရှင်း (Nationalities Brotherhood Federation) အဖွဲ့အစည်းက ပြည်ထောင်စု တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန ပေါ်ထွန်းလာသည်ကို ဝမ်းသာဂုဏ်ပြုကြိုဆိုကြောင်း ထုတ်ပြန်ချက်တစ်ရပ် ၁၇ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုသုတေသန လမ်းညွှန်အဖွဲ့၏ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိမ်းကမှု တိုင်းရင်းသားရေးရာ ကိစ္စမှာ မြန်မာပြည်၏ အရေးကြီးသည့် ကိစ္စဖြစ်သည့် အတွက် တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနက ထားကိုထားရမည်ဖြစ်သော်လည်း စနစ်တကျ ကိုင်တွယ်ဖြေရှင်း လုပ်ဆောင်တတ်သည့်ဝန်ကြီးရှိရမည်ဟု မဇ္ဈိမသို့ပြောကြားသည်။
''Protocol အရ အရေးပါတဲ့ဝန်ကြီးဌာနဖြစ်ရမှာ။ အရေးပါတယ်ဆိုတာ ဝန်ကြီးဌာန (၂၁) ခုထဲမှာ ထိပ်ဆုံးကရှိရမှာ နိုင်ငံခြားဆက်ဆံရေးမှာ နိုင်ငံခြားရေးရာ အရေးကြီးသလို ပြည်တွင်းမှာလဲ တိုင်းရင်းသားရေးရာက အရေးကြီးတယ်။ တိုင်းရင်းသားရေးရာဝန်ကြီးဌာန ဆိုလို့ တိုင်းရင်းသားကို ပေးရမယ်လို့မဆိုလိုပါဘူး၊ လုပ်နိုင်ကိုင်သူ တစ်ဦးဖြစ်ဖို့အရေးကြီးတယ်။'' ဟု ၎င်းကဆိုသည်။
ဦးစိုင်းလိတ်က တိုင်းရင်းသားရေးရာဝန်ကြီးဌာန ဖွဲ့စည်းခဲ့လျှင် ဝန်ကြီးနေရာတွင် တိုင်းရင်းသားများ ထဲမှကိုယ်တိုင် လုပ်ခွင့်ရလျှင် ပို၍သင့်တော်ပြီး ဗမာတစ်ဦးဝန်ကြီး လာလုပ်လျှင် အဆင်မပြေဖြစ်ကာ အချင်းချင်း ဝိဝါဒကွဲပြားနိုင်သည်ဟုပြောသည်။