ဖယ်ခုံတွင် စစ်ကောင်စီတပ်က  လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်‌နေပြီး  ကျောင်းသားနှစ်ဦး သေဆုံးဟု KNDFထုတ်ပြန် 

ဖယ်ခုံတွင် စစ်ကောင်စီတပ်က  လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်‌နေပြီး  ကျောင်းသားနှစ်ဦး သေဆုံးဟု KNDFထုတ်ပြန် 

ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီ၏ လက်နက်ကြီးကျည်ကြောင့် ဘုန်းကြီးကျောင်းအတွင်း စာကျက်နေသည့် ကျောင်းသားနှစ်ဦး  သေဆုံးခဲ့သည်ဟု ကရင်နီအမျိုးသားကာကွယ်ရေးတပ်မတော် တပ်ရင်း (၁၁) - KNDF B (11) သတင်းနှင့်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်သည်။ 

ဖေဖော်ဝါရီ ၂၈ ရက် ည ၇ နာရီ ၂၀ မိနစ်ခန့်က  ဖယ်ခုံ စကစတပ်မှ ဖယ်ခုံမြို့နယ်အတွင်းရှိ ကျေးရွာများသို့ အကြောင်းမဲ့ လက်နက်ကြီးများပစ်ခတ်မှုကြောင့် ခေါင်းအိကျေးရွာအုပ်စုမှ ‌ဘုန်ကြီးကျောင်းတကျောင်းပေါ်  ကျရောက်ပေါက်ကွဲခဲ့သဖြင့် ဘုန်းကြီးကျောင်းတွင် စာကျက်နေသော ဆယ်တန်းကျောင်းသားညီအစ်ကိုနှစ်ဦးဒဏ်ရာရကာ သေဆုံးခဲ့သည်ဟု KNDF က ထုတ်ပြန်ထားသည်။သေဆုံးသူ ညီအစ်ကိုနှစ်ဦးမှာ အသက်(၁၉)နှစ် နှင့်အသက်(၁၅)နှစ် အရွယ်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် လက်နက်ကြီးကျည်ကြောင့် ဘုန်းကြီးကျောင်းဓမ္မာရုံနှင့် ဇရပ်ပျက်စီးခဲ့ပြီး ဘုရားဆင်းတုများ၊မီးစက်နှင့် အခြားသောအသုံးအဆောင်ပစ္စည်းများစွာ ပျက်စီးခဲ့ရသည်ဟု KNDF က ထုတ်ပြန်ထားသည်။ 

စစ်ကောင်စီတပ်သည် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် ထိပ်တိုက်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားများနေထိုင်ရာကျေးရွာများကို လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေသည်ဟုKNDF ဖယ်ခုံဇုန်မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။ 

ဖေဖော်ဝါရီ  ၂၇ ရက်  ည၈နာရီခန့်ကလည်း ဖယ်ခုံ စကစတပ်မှ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ပစ်ခတ်ခြင်းကြောင့် ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာတရွာတွင် လက်နက်ကြီး ကျည်သုံးလုံးကျရောက် ပေါက်ကွဲရာ ဘုန်းကြီးကျောင်းတွင် ရှိနေသော အသက် (၄၀) အရွယ် အမျိုးသားတဦးနှင့် (၈) နှစ်အရွယ်ကလေးတဦးထိခိုက်ဒဏ်ရာရခဲ့သည်ဟု သိရသည်။
ယင်းနေ့ည၉ နာရီခန့်တွင်လည်း ဖယ်ခုံစကစတပ်မှ လက်နက်ကြီးများ ထပ်မံပစ်ခတ်ရာ ဖယ်ခုံအနောက်ဘက်ခြမ်းရှိကျေးရွာတစ်ရွာသို့ ကျရောက်ပေါက်ကွဲပြီး ဒေသခံနှစ်ဦးထိခိုက် ဒဏ်ရာရကြောင်း၊ ဆက်သွယ်ရေး အခက်အခဲကြောင့် ထိခိုက်မှုအခြေအနေများကို အသေးစိတ်မသိရသေးကြောင်း KNDFက ထုတ်ပြန်ထားသည်။ 

ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် နေ့စဉ်ရက်ဆက်နီးပါး အကြောင်းမဲ့ ပစ်ခတ်နေသဖြင့် ပြည်သူများ ဘေးကင်းလုံခြုံရေးအတွက် သတိဝီရိယဖြင့် နေထိုင်ကြရန် KNDFက တ်ိုက်တွန်းထားသည်။ 

ဖယ်ခုံမြို့နယ်တွင် ရှမ်းပြည်နယ်တောင်ပိုင်းတွင်ပါဝင်ပြီး ကရင်နီပြည်နယ်နှင့် နယ်မြေချင်းထိစပ်နေသည်။ 

စာတည်း -မောင်ကြီး

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required