ဖားကန့်၊ ရှရော်ခရွာကို စစ်ကောင်စီဝင်စီးနင်းပြီး ဒေသခံ ၁၀၀ ကျော်ဖမ်းဆီးထား၊ ပြန်လွှတ်မပေးသေးဟု ဒေသခံများပြော

By အဂမ် (မဇ္ဈိမ)
02 March 2023
ဖားကန့်၊ ရှရော်ခရွာကို စစ်ကောင်စီဝင်စီးနင်းပြီး ဒေသခံ ၁၀၀ ကျော်ဖမ်းဆီးထား၊ ပြန်လွှတ်မပေးသေးဟု ဒေသခံများပြော
Photos- ရှရော်ခ ကျေးရွာမြင်ကွင်း

ဖားကန့်မြို့နယ်၊ရှရော်ခကျေးရွာကို ယမန်နေ့က  စစ်ကောင်စီတပ် အင်အားအလုံးအရင်းဖြင့်ဝင်စီးနင်းပြီး‌နောက် ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသည့် အရပ်သား ၁၀၀ ကျော်သည် ယနေ့မတ်လ၂ရက် နံနက်အထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း  ဒေသခံများကပြောသည်။ 

ဖားကန့်မြို့နယ်၊ အေးမြသာယာအုပ်စုအတွင်းရှိ ရှရော်ခ(Sharaw Hka)ကျေးရွာကို ယမန်နေ့မတ်လ ၁ရက်ညနေ ၄ နာရီခန့်တွင်  စစ်ကောင်စီတပ်ကအင်အားအလုံးအရင်းဖြင့် စီးနင်းခဲ့ခြင်းဖြစ်သည်။ 

ကျောက်စိမ်းတူးသည့်အလုပ်လုပ်နေသော ရွှေ့ပြောင်းလုပ်သားများအပါအဝင်  ၁၀၀ဦးထက်မနည်းကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း  ဖြစ်စဥ်အား တွေ့မြင်ခဲ့သည့် ဒေသခံတစ်ဦးက မဇ္ဈိမအား ပြောသည်။ 

''အရွယ်ကောင်းတဲ့ အမျိုးသား၊အမျိုးသမီးတွေ အ ကုန်လုံးကို ဖမ်းခေါ်သွားတာဟုတ်တယ်။ လူ ၁၀၀ လောက်တော့ ရှိမယ်။ အဲ့ထဲမှာ ကျနော်တို့ရဲ့ ရပ်မိရပ်ဖတွေရော ပါသွားတယ်"ဟု အထက်ပါ ဒေသခံကပြောသည်။ 

စစ်ကောင်စီတပ်သည် သေနတ်များ ပစ်ဖောက်၍ ဝင်ရောက်စီးနင်းခြင်းဖြစ်ပြီး အသက် (၁၈) နှစ်အောက် ဆယ်ကျော်သက်လူငယ်များကို  အများဆုံး ဖမ်းဆီးသွားကြောင်း သိရသည်။ 

" ဖမ်းသွားတာ ၁၃၅ ယောက်အထိ ရှ်ိနိုင်တယ်။ ဒီမနက်အထိ ပြန်မလွှတ်သေးပါဘူး။ သူတို့အတွက် စိတ်ပူနေရပါတယ်" ဟု ဖားကန့်ဒေသခံတစ်ဦးကယနေ့ မတ်လ ၂ရက် နံနက်၉နာရီခန့်တွင် ပြောသည်။ 

အဖမ်းခံရသူအများစုမှာ ရှရော်ခရွာ စွန့်ပစ်မြေစာပုံအနီးတွင် နေထိုင်သူများဖြစ်ကြသည်။ရှရော်ခကျေးရွာတွင် နေထိုင်နေကြသူများမှာ စစ်ကိုင်းတိုင်း ပုလဲနှင့်ဂန့်ဂေါမြို့နယ်ဘက်မှ ပြောင်းရွေ့လာသူများဖြစ်ကြပြီး ရေးဆေးကျောက်ရှာဖွေခြင်းဖြင့် စားဝတ်နေရေးဖြေရှင်းနေကြသူများဖြစ်သည်။ 

၎င်းတို့ကို ဖေဖော် ဝါရီလ (၂၅) ရက် နောက်ဆုံးထားကာ ထိုနေရာမှ အမြန်ဆုံး ပြောင်းရွေ့ရန် စစ်ကောင်စီက ဖေဖော်ဝါရီ လလယ်တွင် အမိန့်ပေးခဲ့သည်ဟု ဒေသခံများကပြောသည်။  

ထို့နောက် ‌မတ်လ ၁ရက် ညနေတွင် ရွာကိုရုတ်တရက်ဝင်စီးနင်းပြီး အရပ်သားများကို ဖမ်းဆီးခြင်းဟု သိရသည်။ 

ဖမ်းဆီးခံရသူများကို ရှရော်ခကျေးရွာအနီးရှိ ရတနာမိုးမြေ ကျောက်စိမ်းလုပ်ကွက်အတွင်း ထားရှိကာ  စစ်ကောင်စီတပ်က စစ်ဆေးနေသည်ဟု  သတင်းရရှိသည်။

 ဖမ်းဆီးခံရပြီး ၁၈နာရီခန့်ထိ ပြန်လွှတ်မြောက်လာခြင်းရှိသေး၍ မိသားစုဝင်များက စိုးရိမ်နေကြသည်။ 

Photos- ရှရော်ခ ကျေးရွာမြင်ကွင်း
စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required