တရုတ်က ရုရှားနှင့် မဟာမိတ်ဖွဲ့ပါက တတိယကမ္ဘာစစ်ဖြစ်နိုင်ကြောင်း ယူကရိန်းသမ္မတ ပြောကြား

By Bega District News
27 February 2023
တရုတ်က ရုရှားနှင့် မဟာမိတ်ဖွဲ့ပါက တတိယကမ္ဘာစစ်ဖြစ်နိုင်ကြောင်း ယူကရိန်းသမ္မတ ပြောကြား

ယူကရိန်းသမ္မတ ဗိုလော့ဒီးမား ဇယ်လန်းစကီးက ယူကရိန်းစစ်ပွဲတွင် ရုရှားကို ထောက်ခံအားပေးခြင်းမပြုရန် တရုတ်ကို သတိပေးလိုက်ပြီး ယင်းသို့လုပ်ဆောင်ခြင်းက ကမ္ဘာစစ်ကြီးဖြစ်လာနိုင်ကြောင်း ပြောကြားသည်။

ယူကရိန်းစစ်ပွဲတွင် ရုရှားအား လက်နက်များ ထောက်ပံ့ခြင်းမပြုရန် အမေရိကန်ထိပ်တန်းသံတမန်က တရုတ်သံတမန်အား ယခုသီတင်းပတ်ကုန်တွင် သတိပေးခဲ့ပြီးနောက် တရုတ်က အမေရိကန်အနေဖြင့် ယင်းသို့ ပြောပိုင်ခွင့် မရှိကြောင်း တုံ့ပြန်ပြီးချိန် သတင်းဌာနတစ်ခုနှင့် လူတွေ့မေးမြန်းခန်းပြုလုပ်ရာတွင် ဇယ်လန်းစကီး ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

" ဒီစစ်ပွဲမှာ တရုတ်က ရုရှားကို မထောက်ခံဖို့ ကျွန်တော်တို့အတွက် အရေးကြီးပါတယ်။ တကယ်တော့ ကျွန်တော်တို့ဘက်က ရပ်တည်ပေးစေချင်ပါတယ်၊ ဒါပေမဲ့ လောလောဆယ်တော့ ဖြစ်နိုင်မယ်မထင်ပါဘူး။" ဟု ဇယ်လန်းစကီးက ဂျာမနီသတင်းစာ Die Welt သို့ ပြောကြားခဲ့သည်။

"ဒါပေမယ့် ဒီမှာ ဖြစ်ပျက်နေတာကို လက်တွေ့ကျကျ အကဲဖြတ်ဖို့ တရုတ်အတွက် အခွင့်အလမ်းတစ်ခုလို့ ကျွန်တော်မြင်ပါတယ်။တရုတ်က ရုရှားနဲ့ မဟာမိတ်ဖွဲ့ရင် ကမ္ဘာစစ်ဖြစ်လာမှာပါ။ တရုတ်က ဒါကို သတိပြုမိတယ်လို့ ကျွန်တော်ထင်ပါတယ်၊။" ဟု ဇယ်လန်းစကီးက ဆိုသည်။

ရုရှား၏ ယူကရိန်းကျုးကျော်စစ်တွင် တရုတ်က ပစ္စည်းများထောက်ပံ့ပါက အကျိုးဆက်များရှိလာမည် ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ဖေဖော်ဝါရီလ ၁၈ ရက်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့်တွေ့စဉ် သတိပေးခဲ့သလို တရုတ်က ရုရှားကို လက်နက်များထောက်ပံ့ရန် စဉ်းစားနေသည်ကို အမေရိကန်က စိုးရိမ်ကြောင်း ဘလင်ကန်က လူ့တွေ့မေးမြန်းခန်းတစ်ခုတွင် ပြောကြားခဲ့သည်။

စစ်ပွဲကို မည်သို့အဆုံးသတ်ရမည်ကို အေးအေးဆေးဆေး စဉ်းစားရန် ဝမ်က ဥရောပနိုင်ငံများအား အကြံပြုခဲ့ပြီး ယူကရိန်းအကျပ်အတည်းကို နိုင်ငံရေးအရ ဖြေရှင်းရေးဆိုင်ရာ ရပ်တည်ချက်ကို တရုတ်က ရှေ့တန်းတင် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဝမ်သည် မော်စကိုသို့ ရောက်ရှိပါက ယူကရိန်းပဋိပက္ခကို နိုင်ငံရေးအရ ဖြေရှင်းရေးအတွက် တရုတ်အမြင်ကို တင်ပြခြင်းအပြင် နှစ်နိုင်ငံပြဿနာများကို ဆွေးနွေးမည် ဖြစ်ကြောင်း အမည်မဖော်လိုသူ သံတမန်သတင်းရင်းမြစ်တစ်ခုက အစောပိုင်းတွင် ရိုက်တာသို့ ပြောကြားခဲ့သည်။

ရုရှားက မော်လ်ဒိုဗာတွင် အာဏာသိမ်းရန် ကြံစည်နေကြောင်း ယူကရိန်းက မော်လ်ဒိုဗာသမ္မတ မိုင်ရီယာဆန်ဒူထံသို့ စစ်ရေးသတင်းပေးပို့ခဲ့ကြောင်း ဇယ်လန်းစကီးက Die Welt သို့ ပြောကြားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly