ယင်းမာပင်တွင် ပြည်သူ့ကာကွယ်ရေးရဲဘော်နှစ်ဦးကို စစ်ကောင်စီက မီးရှို့သတ်ဖြတ်သွားပြီး အမ်ှိုက်ပုံ၌ စွန့်ပစ်ခဲ့ဟုဆို

By လွှမ်းမိုး မဇ္ဈိမ
25 February 2023
ယင်းမာပင်တွင် ပြည်သူ့ကာကွယ်ရေးရဲဘော်နှစ်ဦးကို စစ်ကောင်စီက မီးရှို့သတ်ဖြတ်သွားပြီး အမ်ှိုက်ပုံ၌ စွန့်ပစ်ခဲ့ဟုဆို

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊အနောက်ဘက်အခြမ်းရှိ တာဝကျေးရွာတွင် ပြည်သူ့ကာကွယ်ရေးရဲဘော်နှစ်ဦးကို စစ်ကောင်စီက မီးရှို့သတ်ဖြတ်သွားပြီး ရွာကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်များနှင့် ဒေသခံများကပြောသည်။

ယင်းမာပင်မြို့၊အခြေစိုက်ရိုးမဖိုက်တာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်နှစ်ဦးကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၂၃ရက်တွင် ဖမ်းဆီးသွားပြီး မီးရှို့သတ်ဖြတ်ခဲ့သည်ဟု ရိုးမဖိုက်တာ၏တပ်ရင်းမှူးက မဇ္ဈိမကိုပြောသည်။

အဆိုပါရဲဘော်နှစ်ဦးသည် ဖေဖော်ဝါရီလ ၂၃ရက် နေ့က ဘက်ထရီအိုးသွားသယ်ဆောင်စဉ် တာဝကျေးရွာအနီး၌ စစ်ကောင်စီတပ်ဖွဲ့နှင့်ထိပ်တိုက်တိုးကာ ဖမ်းဆီးခံလိုက်ရခြင်းဟုဆိုသည်။ရဲဘော်နှစ်ဦးအား လက်ချောင်း ၊ခြေချောင်းများဖြတ်၍ လည်ပင်းကို ဓားဖြင့်လှီးထားသည့် ဒဏ်ရာများဖြင့် မီးရှို့သတ်ဖြတ်ခံထားရသည်ကို ဖေဖော်ဝါရီလ ၂၄ရက်တွင် ရွာအနီးအမှိုက်ပုံ၌ တွေ့ရှိခြင်းဟု ရိုးမဖိုက်တာတပ်ရင်းမှူးကပြောသည်။

ထို့နောက် စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီ (၂၄) ရက် နံနက် ၉ နာရီ ခန့်မှစတင်ကာ တာဝရွာကို မီးရှို့ခဲ့ကြောင်း ဒေသခံ ပြည်သူများကပြောသည်။

“ စစ်အင်အား ၁၀၀ခန့်ရှိတဲ့စစ်ကောင်စီ စစ်ကြောင်း ဟာ ဖေဖော်ဝါရီ ၂၃ ရက်နေ့က ရွာကို ဝင်ပြီးတပ်စွဲတယ်။ တစ်ညအိပ်ပြီး နောက်ရက်မှာ ရွာကို မီးရှို့ပြီး မြောက်ဘက်ကို ထွက်သွားတယ်။ သူတို့ ထွက်သွားတာနဲ့ ကျွန်တော်တို့ ရွာထဲကိုဝင်ပြီး မီးသတ်တာတွေ လုပ်တယ် ။ မီးလောင်အိမ်ခြေ အလုံး (၂၀) ရှိပါတယ်” ဟု ဒေသခံက မဇ္ဈိမကို ပြောသည်။

ဝာာဝရွာသည် အိမ်ခြေ ၆၃၀ ခန့် ရှိပြီး စစ်ကောင်စီက မီးရှို့ဖျက်ဆီးသွား၍ နေအိမ် အလုံး (၂၀) မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။

ယင်းမာပင်မြို့နယ်အတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေခြင်းကြောင့် တာဝ၊ညောင်ကိုင်း၊ ကြာစီ၊ချင်းပုန်း၊ကပိုင်၊သီးကုန်း၊အင်ကြင်းပင်၊ ပေါက်ပန်းဖြူ၊ချောင်းကောက်၊ပန်းပထုံးရွာနှင့် ဟင်္သာကျေးရွာများမှ လူဦးရေတစ်သောင်း ကျော် စစ်ရှောင်နေရကြောင်း သိရသည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required