ဘီးလင်းမြို့နယ် ခဲမောက်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွား၊ ရွာသားတစ်ဦး ကျည်ထိမှန် ဒဏ်ရာရ

By YT  မဇ္ဈိမ
23 February 2023
ဘီးလင်းမြို့နယ် ခဲမောက်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွား၊ ရွာသားတစ်ဦး ကျည်ထိမှန် ဒဏ်ရာရ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာအုပ်စု၊ ခဲမောက်ကျေးရွာတွင် စစ်ကြောင်းထိုး လာသော စစ်ကောင်စီတပ်သားများနှင့် KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်တွင် ဘီးလင်းအခြေစိုက်တပ်များဖြစ်သည့် ခလရ(၈)၊ အမတ(၃၁၄)နှင့် ခမရ (၃)တို့မှ စစ်ကောင်စီတပ်သား အင်အား ၅၀ ခန့်သည် ဇီးဝန်းကျေးရွာမှတစ်ဆင့် ခဲမောက်ကျေးရွာအတွင်း စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ရာ KNU တပ်မဟာ(၁) တပ်ရင်း(၂) KNLA ၊ PDF ပါဝင်သော ပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားခဲ့ကာ တစ်နာရီကျော်ကြာပစ်ခတ်မှုဖြစ်ပွားခဲ့ သည်။

၎င်းတိုက်ပွဲအတွင်း ခဲမောက်ကျေးရွာမှ ဦးမြင့်သန်း၏ ရင်ဘက်၌ RPG ကျည်အစ သုံးချက်ထိမှန်ခဲ့ပြီး ဆေးကုသမှုခံယူနေရကာ စိုးရိမ်ရကြောင်း သိရသည်။“သူတို့ (စစ်ကောင်စီတပ်သား) တွေက ရွာထဲဝင်လာဖို့လုပ်တဲ့အချိန် ရွာထိပ်မှာ လုံခြုံရေးယူပေးထားတဲ့  ရဲဘော်လေးယောက်ကို အာပီဂျီ(RPG)နဲ့ စပစ်တာ။ RPG က ရွာသားကိုသွားမှန်တော့ ရဲဘော်တွေက အဲ့ဒီ ရွာသားကိုသွားကယ်ဖို့လုပ်ရင်းကနေ စစ်သားတွေက လက်နက်ငယ်တွေနဲ့ဆက်ပစ်လို့ ပူးပေါင်းတပ်ဖွဲ့ထဲ က တစ်ယောက် ပေါင်ကို ကျည်ထိသွားတယ်” ဟု ရဲဘော်တစ်ဦးက မဇ္ဈိမကို ပြောသည်။

တိုက်ပွဲအတွင်း ပူးပေါင်းတပ်ဖွဲ့ဘက်မှတစ်ဦး ပေါင်ကိုကျည်ထိမှန်ခဲ့ကာ စစ်ကောင်စီတပ်မှ အထိအခိုက်၊ အကျအဆုံးရှိပြီး အသေးစိတ်အား စုံစမ်းနေဆဲဖြစ်ကြောင်း အဆိုပါရဲဘော်က ဆိုသည်။စစ်ကောင်စီက RPG ၊ ၄၀ မမ၊ ၈၁ မမ စိန်ပြောင်း စသည့် လက်နက်ကြီးအမျိုးအစားများ အသုံးပြု၍ ပစ်ခတ်မှုများကြောင့် ခဲမောက်ရွာအတွင်းရှိ ဒေသခံနေအိမ်အချို့ ကျည်စထိမှန်ခဲ့ကြောင်း သိရသည်။ “တိုက်ပွဲပြီးတော့ အဲ့ဒီစစ်ကြောင်းက ရွာထဲဝင်မွှေသွားသေးတယ်ဗျ။ ဖုန်းဆိုင်ကနေ ဖုန်းတွေပိုက်ဆံတွေ ယူသွားတယ်။ ဖုန်းဆိုင်ကလည်း ထွက်ပြေးတဲ့အချိန် အိမ်နောက်ဖေးတံခါးပိတ်ဖို့မေ့ခဲ့တော့ အိမ်နောက် ဖေးကနေဝင်ပြီးယူသွားတာ” ဟု အခြားရဲဘော်တစ်ဦးကလည်း ပြောသည်။

တိုက်ပွဲအပြီးနောက် ၎င်းစစ်ကြောင်းသည် ခဲမောက်ရွာအတွင်းရှိ ဖုန်းဆိုင်တစ်ဆိုင်မှ ဖုန်းများ၊ ငွေဖြည့် ကတ်များ၊ ပါဝါဘန့် (Power Bank) များယူဆောင်သွားကြောင်း၊ နေအိမ်အချို့ကိုလည်း မွှေနှောက်သွား ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။
ဘီးလင်းမြို့နယ်ရှိ ခလရ(၈)၊ အမတ (၃၁၄) ၊ ခမရ(၃)ခြေကုတ်စခန်းများအတွင်းသို့ ယမန်နေ့မှစတင်၍ အလုံပိတ်စစ်ကားများ အဝင်အထွက်များပြားနေပြီး စစ်သားအင်အား ထပ်တိုးထားခြင်းဖြစ်ကြောင်း သိရသည်။ဘီးလင်းမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းများ မကြာခဏမိုင်းဆွဲခံရပြီး စစ်ကောင်စီတပ်မှ ကျေးရွာများ အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်လေ့ရှိကာ ထိုလက်နက်ကြီးများကြောင့် ဒေသခံများ ဒဏ်ရာရ ရှိနေပြီး ဘုန်းကြီးကျောင်းများ၊ ဒေသခံပြည်သူများ၏ နေအိမ်များ မကြာခဏကျည်ထိမှန်ပျက်စီးလေ့ရှိ သည်။ 

Photo – CJ
စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required