ဥရောပက တရုတ်၏ Tiangong အာကာသစခန်းသို့ အာကာသယာဉ်မှူးများ စေလွှတ်တော့မည်မဟုတ် 

By ANI
22 February 2023
ဥရောပက တရုတ်၏ Tiangong အာကာသစခန်းသို့ အာကာသယာဉ်မှူးများ စေလွှတ်တော့မည်မဟုတ် 

ဥရောပသည် တရုတ်၏ ထျန်ဂေါင်အာကာသစခန်းသို့ အာကာသယာဉ်မှူးစေလွှတ်ရေးအတွက် ပြင်ဆင်ထားပြီးသားဖြစ်သော်လည်း များမကြာမီကာလအတွင်း စေလွှတ်တော့မည်မဟုတ်ကြောင်း ဥရောပအာကာသစခန်း၏ ညွှန်ကြားရေးမှူးချုပ်က ပြောခဲ့သည်ဟု နယူးယောက်အခြေစိုက် NTD သတင်းက ဖော်ပြသည်။

ဥရောပအာကာသအေဂျင်စီသည် ဥရောပအာကာသအစီအစဉ်ကို စီမံခန့်ခွဲကာ တရုတ်အာကာသယာဉ်မှူးများကိုပါ လေ့ကျင့်ပေးလျက်ရှိသည်။  ၂၀၂၂ ခုနှစ် မှစတင်၍ တရုတ်အာကာသစခန်းများသို့ ဥရောပအာကာသယာဉ်မှူးများ စေလွှတ်ရန် ၂၀၁၇ က ရည်မှန်းချက်ထားခဲ့သည်။ 

လက်ရှိ နိုင်ငံတကာအာကာသစခန်းသည် ၂၀၃၀ ခုနှစ်တွင် အနားယူရန် စီစဉ်ထားသည်။ ၎င်းတွင် အဖွဲ့ဝင် ၅ နိုင်ငံဖြစ်သည့် အမေရိကန်၊ ရုရှား၊ ဂျပန်၊ ဥရောပနှင့် ကနေဒါတို့ ပါဝင်သော်လည်း ရုရှားသည် ၎င်း၏ကိုယ်ပိုင် အာကာသစခန်းကို တည်ထောင်ရန် ၂၀၂၄ ခုနှစ်တွင် အဖွဲ့မှ နုတ်ထွက်မည်ဖြစ်ကြောင်း NTD က ဖော်ပြခဲ့သည်။

တရုတ်က ၎င်း၏ အာကာသစခန်းတွင် သုတေသနများလုပ်ဆောင်ရန် နိုင်ငံအများအပြားကို ဖိတ်ကြားခဲ့သော်လည်း အမေရိကန်က လက်မှတ်မထိုးခဲ့ပေ။ တရုတ်အာကာသစခန်းသည် ဆွစ်ဇာလန်၊ ပိုလန်၊ ဂျာမနီနှင့် အီတလီအပါအဝင် နိုင်ငံပေါင်း ၁၇ နိုင်ငံမှ သိပ္ပံဆိုင်ရာ စီမံကိန်းများကို လက်ခံဆောင်ရွက်မည်ဖြစ်သည်။ 

တရုတ်နိုင်ငံသည် အာကာသစူးစမ်းလေ့လာရေးမှ စီးပွားရေးအကျိုးအမြတ်များရရှိရန် ရည်ရွယ်ထားသောကြောင့် လပေါ်ရှိ သယံဇာတပေါကြွယ်ဝသောဒေသများကို ၎င်းပိုင်ဆိုင်သည်ဟု တောင်းဆိုလာနိုင်ကြောင်း နာဆာအကြီးအကဲ ဘီလ်နယ်လ်ဆင်က သတိပေးထားသည်ဟု အင်ဒို-ပစိဖိတ် မဟာဗျူဟာဆက်သွယ်ရေးစင်တာ (IPCSC) ၏အစီရင်ခံစာတွင် မကြာသေးမီက ဖော်ပြခဲ့သည်။ 

တရုတ်သည် ၎င်း၏ အာကာသအစီအစဉ်ကို စစ်ရေး၊ စီးပွားရေးနှင့် နည်းပညာဆိုင်ရာ အင်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းမှုများသည် မကြာမီ ကမ္ဘာ့အခင်းအကျင်းကို ပြန်လည်ပုံဖော်လာလိမ့်မည်ဟု IPCSC က ဆိုသည်။ တရုတ်နိုင်ငံသည် ၂၀၂၀ ခုနှစ်တွင် ထုတ်လုပ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၀ ထရီလီယံဖြင့် စီးပွားရေးဇုန်တစ်ခု တည်ထောင်မည့် အစီအစဉ်များကိုလည်း ကြေညာခဲ့သည်။ 

တရုတ်က လကမ္ဘာပေါ်၌ ၎င်းစိတ်ကြိုက်ဧရိယာတွင် သိပ္ပံသုတေသနအဆောက်အအုံများ တည်ဆောက်ပြီး အချုပ်အခြာအာဏာ တောင်းဆိုမည်ကို စိုးရိမ်မိကြောင်း နယ်လ်ဆင်က ဇန်နဝါရီ ၁ ရက်က Politico နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ယမန်နှစ်က ကမ္ဘာကို လှည့်ပတ်နေသည့် အာကာသစခန်းတစ်ခုကို တည်ဆောက်ခဲ့ပြီး လနမူနာများကို ရယူရန် မစ်ရှင်များစွာ လုပ်ဆောင်ခဲ့သည်။ တရုတ်သည် လ၏ တောင်ဝင်ရိုးစွန်းအနီးတွင် ကိုယ်ပိုင်လသုတေသနစခန်းတစ်ခုကိုလည်း တည်ဆောက်ရန် စီစဉ်နေပြီး ၂၀၂၅ ခုနှစ်တွင် စတင်မည်ဟု မျှော်လင့်ရကြောင်း IPCSC က ဖော်ပြခဲ့သည်။

တရုတ်သည် စီးပွားရေးအကျိုးအမြတ်နှင့် ဗျူဟာမြောက်အကြောင်းရင်းများကြောင့် အာကာသစစ်ပွဲကို အနိုင်ရရန် ကြိုးစားနေသည်။ တရုတ်နိုင်ငံသည် အမေရိကန်ကို အမီလိုက်၍ ကျော်တက်ကာ  အာကာသအား စစ်ပုံစံသွင်းမည်ကို စိုးရိမ်မိကြောင်း အမေရိကန်အာကာသတပ်ဖွဲ့၏ စစ်ဦးစီးချုပ် နီနာအာမန်းနိုးက ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် သြစတြေးလျ မဟာဗျူဟာမူဝါဒအဖွဲ့သို့ ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ဂြိုဟ်တုဆက်သွယ်ရေးနှင့် Long March 8R နှင့် Long March 9 ဂြိုဟ်တုလွှတ်တင်ရေးဒုံးပျံတို့အပြင် ကမ္ဘာပတ်လမ်းကြောင်းနှင့် ပတ်လမ်းကြောင်းအောက်သွား ယာဉ်ကဲ့သို့ ပြန်လည်အသုံးပြုနိုင်သော အာကာသယာဉ်များနှင့်ပတ်သက်သည့် စစ်ဘက်သုံးအာကာသနည်းပညာများကို တီထွင်လျက်ရှိသည်ဟု အာမန်းနိုးက ပြောသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly