စစ်အာဏာရှင်ကိုတော်လှန်ရင်း ကျဆုံးသွားသော ရဲဘော် ၉ ဦးအား အလေးပြုခြင်းအခမ်းအနား CDF-Kanpetlet ပြုလုပ်

By ကိုခင်မောင်(မဇ္ဈိမ)
21 February 2023
စစ်အာဏာရှင်ကိုတော်လှန်ရင်း ကျဆုံးသွားသော ရဲဘော် ၉ ဦးအား အလေးပြုခြင်းအခမ်းအနား CDF-Kanpetlet ပြုလုပ်

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၌  စစ်အာဏာရှင်ကို ခုခံတော်လှန်ရင်း ကျဆုံးသွားသော Chin Defence Force - Kanpetlet (CDF-Kanpetlet)တပ်ရင်းမှ ရဲဘော်ကိုးဦးအား အောက်မေ့အလေးပြုခြင်းအခမ်းအနား ပြုလုပ်ခဲ့ကြောင်း CDF - Kanpetlet က ယနေ့ဖေဖော်ဝါရီလ ၂၁ ရက်တွင် သတင်းထုတ်ပြန်သည်။

ကျဆုံးသွားသောရဲဘော်များအား ယမန်နေ့ ဖေဖော်ဝါရီလ ၂၀ရက်တွင် ကျရောက်သော ၇၅ နှစ်မြောက် စိန်ရတုချင်းအမျိုးသားနေ့တွင် အလေးပြုခြင်းအခမ်းအနား ပြုလုပ်ကြသည်ဟု CDF- Kanpetlet မှ ဒုတပ်မဟာမှူးထံမှ သိရသည်။

“CDF ကန်ပက်လက်ရဲ့ တပ်ရင်း ခုနစ်ခုလုံးမှာ လုပ်တာဖြစ်တယ်။ တပ်ရင်းအားလုံးမှာရှိတဲ့ ကျတော်တို့ရဲ့ ရဲဘော်တွေအားလုံးက ရှေ့တန်းမှာရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ပြီးတော့မှ ကျဆုံးသွားတဲ့ ကျတော်တို့ရဲ့ ရဲဘော်ရဲဘက်တွေကို အလေးပြုနိုင်ဖို့အတွက် စီစဉ်ထားတာဖြစ်တယ်” ဟု ယင်းအဖွဲ့ ဒုတပ်မဟာမှူးက မဇ္ဈိမကိုပြောသည်။

ယင်းနေ့တွင် CDF- Kanpetlet စခန်းမှ ရဲဘော်များအတွက် ဘော်လုံးပြိုင်ပွဲကျင်းပပေးခဲ့သည်ဟုလည်း သိရသည်။

ထို့အပြင် ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့များ၊ NUG လက်အောင်ခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၊ ချင်းအမျိုးသားတပ်ဦး (CNF/CNF) စသည့်အဖွဲ့များနှင့်ပူးပေါင်းကာ စစ်အာဏာရှင်ကို ဆက်လက်တိုက်ထုတ် တွန်းလှန်သွားမည်ဖြစ်ကြောင်း ဆိုသည်။

“ကိုယ့်အဖွဲ့အစည်းမတူရင်တောင်မှဘဲ ဘုံရန်သူကို တိုက်ထုတ်တဲ့သူတွေဟာ ရန်သူ့ရဲ့ ရန်သူက မိတ်ဆွေအဖြစ်နဲ့ ကျတော်တို့က အမြဲတမ်း သဘောထားတာဖြစ်တဲ့အတွက်ကြောင့် အကုန်လုံးပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် ကြိုးစားမယ်။ အခုထိလည်း ကျတော်တို့ပူးပေါင်းဆောင်ရွက်ခဲ့တယ်၊ တိုက်ပွဲပေါင်း မြောက်များစွာကိုလည်း ကျတော်တို့အတူတကွတိုက်လာခဲ့ကြတယ်။ ရှေ့ဆက်ပြီးတော့မှလည်း ဒီပုံစံနဲ့ တိုက်ပွဲဝင်သွားမှာလည်းဖြစ်တယ်။ ရှေ့ဆက်လုပ်ဆောင်မယ့် မစ်ရှင်(mission)တွေလည်း အများကြီးရှိတယ်။ ဒီအစီစဉ်တွေကို အကောင်အထည်ဖော်လာပြီးမှ ပြည်သူတွေကို  ချပြသွားမှာပါ” ဟုလည်း ဒုတပ်ရင်းမှူးက ဆက်ပြောသည်။

Chin Defence Force – Kanpetlet ကို ၂၀၂၁ခုနှစ်၊ မေလ ၁၃ရက်နေ့တွင် ဖွဲ့စည်းတည်ထောင်ခဲ့ပြီး  Chinland Joint Defense Committee (CJDC) အဖွဲ့အဝင်လည်းဖြစ်သကဲ့သို့  အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့်လည်း ချိတ်ဆက်ဆောင်ရွက်လျက်ရှိနေကြောင်း သိရသည်။

စာတည်း။     ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။    ။ သန့်ဇော်(သန်လျင်)
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required