NME ကျောင်း ဘဏ္ဍာရေးရှင်းတမ်းကို စုံစမ်းစစ်ဆေးပေးရန် ရုံးအဖွဲ့ဝင်အချို့က NUG ထံ တိုင်ကြား၊ 

By 001 (မဇ္စျိမ)
21 February 2023
NME ကျောင်း ဘဏ္ဍာရေးရှင်းတမ်းကို စုံစမ်းစစ်ဆေးပေးရန် ရုံးအဖွဲ့ဝင်အချို့က NUG ထံ တိုင်ကြား၊ 

ကြားကာလပညာသင်ကြားရေးကျောင်းဖြစ်သည့် New Myanmar Education (NME) ကျောင်း၏ ဘဏ္ဍာရေးရှင်းတမ်းနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးပေးရန် ရုံးအဖွဲ့ဝင်အချို့က အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ပညာရေးဝန်ကြီးဌာနထံသို့  တိုင်ကြားခဲ့ကြောင်း သိရသည်။ 

NME ကျောင်း၏ Grade (11)ရုံးအဖွဲ့ဝင်သုံးဦးနှင့် ဆရာ၊ ဆရာမနှစ်ဦးက ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် တိုင်ကြားစာပို့ခဲ့ခြင်းဖြစ်ကြောင်း တိုင်ကြားရာတွင် ပါဝင်သည့် ရုံးအဖွဲ့ဝင်တဦးက မဇ္စျိမကို ပြောသည်။ 

ကျောင်းတွင် တိကျသည့် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းမရှိခြင်း၊ ဘဏ္ဍာရေးရှင်းတမ်းတွင် ငွေစာရင်းကွာဟချက်များရှိနေခြင်းနှင့် အထောက် အထားများပြသနိုင်မှုမရှိခြင်း၊ ရုံးဖွဲ့စည်းပုံနှင့်ပတ်သက်ပြီး သေချာစွာမသိရှိရခြင်းတို့ကြောင့်  တိုင်ကြားရခြင်းဖြစ်ကြောင်း အဆိုပါ ရုံးအဖွဲ့ဝင်ကပြောသည်။ 

“လက်ရှိအထိကို ဖွဲ့စည်းပုံဘာမှန်းမသိသေးဘူး။ NUGကို ကျွန်တော်တို့ စုံစမ်းသိရှိရသမျှ အထောက်အထားနဲ့တကွတိုင်ထားပါတယ်”ဟု ဆိုသည်။ 

New Myanmar Education ကျောင်းသည် ၂၀၂၂ ခုနှစ် အောက်တိုဘာလအတွက် ထုတ်ပြန်ထားသည့် ဘဏ္ဍာရေးရှင်းတမ်းနှစ်ခုတွင် K Payမှ ကောက်ခံရရှိသော ဝင်ငွေနှင့်ပြထားသည့် လိုငွေများ ကွဲလွဲနေပြီး နိုဝင်ဘာလအတွက် ထုတ်ပြန်သည့် ရှင်းတမ်းတွင်လည်း အလားတူပင် ကွဲလွဲမှုများ ရှိနေကြောင်း ရုံးအဖွဲ့က NUG ထံ ပေးပို့သည့် တိုင်ကြားစာတွင် ဖော်ပြထားသည်။ 

အောက်တိုဘာလအတွက် ထုတ်ပြန်သည့် ဘဏ္ဍာရေးရှင်းတမ်းတစ်စောင်တွင် အထက်တန်းအတွက် K Payမှ ကောက်ခံရရှိငွေကို ကျပ် ၁၀,၀၃၀,၀၀၀ ဟု ဖော်ပြထားပြီး နောက်တစ်စောင်တွင်မူ ကျပ် ၁၀,၄၈၀,၀၀၀ ဟုဖော်ပြထားကြောင်း ရုံးအဖွဲ့၏ တိုင်ကြားစာတွင် ဖော်ပြထားသည်။ 

ထို့အပြင် နိုဝင်ဘာလအတွက် ဘဏ္ဍာရေး ရှင်းတမ်းတွင်လည်း အလယ်တန်းအတွက် Wave Payမှ ကောက်ခံရရှိငွေကို ပထမတစ်စောင်တွင် ကျပ် ၆၃၀,၀၀၀ ဟုဖော်ပြပြီး နောက်တစ်စောင်တွင် ကျပ် ၉၅၀,၀၀၀ ဖြစ်နေကြောင်း တိုင်ကြားစာတွင် ပါရှိသည်။ 

လိုငွေကွာဟမှုမှာလည်း အောက်တိုဘာလတွင် ကျပ် ၂၇၀၀၀ ကျော်၊နိုဝင်ဘာလတွင် ကျပ်သိန်း ၂၀ ခန့်ကွာဟနေကြောင်း တိုင်ကြားသည့် ရုံးအဖွဲ့ဝင်က ပြောသည်။ 

“သူက တစ်လစာအတွက်ကို ဘဏ္ဍာရေးရှင်းတမ်းနှစ်ခုထုတ်တယ်။ သို့သော် ကျွန်တော်တို့က လိုက်နေမှန်းသိတဲ့အတွက် အထွေထွေ အသုံးစရိတ်ထည့်ထားတဲ့ ရှင်းတမ်းကို သူ့တယ်လီဂရမ်ကနေ အကုန်ဖျက်ချသွားတယ်”ဟု ဆိုသည်။ 

ကျောင်းတည်ထောင်သူထံက တိကျသည့် ငွေစာရင်းရှင်းတမ်းကို တောင်းဆိုခဲ့သော်လည်း မရခဲ့ကြောင်း တိုင်ကြားသူများက ပြောသည်။ 

ရုံးအဖွဲ့အ​နေဖြင့် ​ကျောင်းတည်​ထောင်သူမှ ဖြန့်​ဝေထား​သော ​ကျောင်းသား​​ကျောင်းသူ လုံခြုံ​ရေးကုဒ်နံပါတ်စာရင်းများသာရှိပြီး စုစု​ပေါင်း ​ကျောင်းသား၊ ​ကျောင်းသူ၊ ဆရာ၊ ဆရာမ၊ ဝန်ထမ်းအချက်အလက်စာရင်းများ လုံးဝမရှိ​​​​​သော​ကြောင့် ​ငွေ​ကြေးကိစ္စများနှင့် စပ်လျဥ်းပြီး ကွာဟမှုကို တွက်ချက်နိုင်ရန် အခက်အခဲဖြစ်​နေ​ကြောင်း တိုင်ကြားသူများက NUGထံ တင်ပြထားသည်။ 

NME ကျောင်းတည်ထောင်သူအား ရုံးအဖွဲ့ဝင်ငါးဦးက တိုင်ကြားမှုနှင့် ပတ်သက်ပြီး ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် NUG ပညာရေးဝန်ကြီးဌာနက ရှေးဦးစုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး နောက်တရက်တွင် ကျောင်းတည်ထောင်သူနှင့် တိုင်ကြားသူများကို တွေ့ဆုံခဲ့ကြောင်း NUG ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။ 

ရှေးဦးစုံစမ်းစစ်ဆေးရေးအဖွဲ့၏ တွေ့ဆုံ‌ညှိနှိုင်း ချက်အရ ကျောင်းသား ၊ကျောင်းသူ၊ ဆရာ၊ ဆရာမ၊ ရုံးဝန်ထမ်းတို့၏ အချက်အလက် လုံခြုံရေးနှင့် သင်ကြားသင်ယူမှု မပျက်ရေးဆိုသည့် အချက်နှစ်ချက်အဆင်ပြေမှုရှိကြောင်း အဆိုပါ တာဝန်ရှိသူက ပြောသည်။ ထို့အပြင် တိုင်ကြားစာပါအချက်များကို ဆက်လက်စစ်ဆေးသွားမည်ဟုဆိုသည်။ 

“တိုင်ကြားစာပါ အချက်အလက်တွေကို စစ်ဆေးဖို့ NUGက စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ပြီးမှ စစ်ဆေးမှာပါ။ မကြာခင်စတင်တော့မှာပါ”ဟု ၎င်းက ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ပြောသည်။ 

New Myanmar Education ကျောင်းကို ၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်းက စတင်ဖွင့်လှစ်ခဲ့ပြီး ကြားကာလအခြေခံပညာ ပြည်သူ့ပညာရေးကျောင်းအဖြစ် NUG ပညာရေးဝန်ကြီးဌာနက ယခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့က အသိအမှတ်ပြုခဲ့သည်ကို ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် တွေ့ရသည်။ 

ကျောင်း၏ ဘဏ္ဍာရေးကိစ္စကို အဖွဲ့ဝင် ငါးယောက်ဖြင့် ဆောင်ရွက်ထားခြင်းဖြစ်ပြီး ယခုကဲ့သို့ တိုင်ကြားခံရခြင်းမှာ မမှန်မကန် စွပ်စွဲပြီး အပုတ်ချတိုက်ခိုက်ခြင်းသာဖြစ်ကြောင်း NME ကျောင်းတည်ထောင်သူက တုံ့ပြန်သည်။ထို့ကြောင့်  NUG ထံသို့ အချက်အလက်များပေးပို့ထားပြီး ၎င်းအား တိုင်ကြားသူများကိုလည်း ပြန်လည်တိုင်ကြားထားကြောင်း ပြောသည်။ 

“ကျွန်တော်က မှန်မှန်ကန်ကန် လုပ်ထားတဲ့အတွက် စွပ်စွဲထားတဲ့ ပတ်သက်ပါဝင်သူ အားလုံးကို ဖော်ထုတ်ပြီး နာမည်ပျက်စာရင်းသွင်းဖို့ NUGကို တောင်းဆိုထားပါတယ်။ ဒါဟာ ကြားကာလကျောင်းတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတာပါ။ တခြားတော့မရှိပါဘူး။ အဖြေမှန်ကို NUG က စစ်ဆေးပြီးသိပါလိမ့်မယ်ခင်ဗျ”ဟု သူကဆိုသည်။ 

NME ကျောင်းတည်ထောင်သူအနေဖြင့် ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်ဉပဒေ၊ နည်းဉပဒေအပြင် အခြားရာဇဝတ်မှုတစ်ခုခုကို ဖောက်ဖျက်ကျူးလွန်ကြောင်း စုံစမ်းစစ်ဆေးသိရှိပါက ရုံးအဖွဲ့နှင့် ဆရာမများက NUG ၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးအာဏာပိုင်၊ တရားရေးအာဏာပိုင်များထံ တရားစွဲဆိုသွားမည်ဖြစ်ကြောင်းလည်း တိုင်ကြားသူများက ဆိုထားသည်။ 

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းကလည်း  ကြားကာလပညာသင်ကြားရေးကျောင်းတ‌ကျောင်း
ဖြစ်သည့်Free Online Education Institution Myanmar (FOEIM) ကျောင်းတွင် ​ငွေ​ကြေးသုံးစွဲမှုနှင့် ပတ်သက်ပြီး ရုံးအဖွဲ့ဝင်​လေးဦးက ​ကျောင်းတည်​ထောင်သူကို NUG ထံတိုင်ကြားမှုဖြစ်ပွားခဲ့သည်။ 

စာတည်း - မောင်ကြီး 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required