ဝါရှင်တန်ဒီစီတွင်ပြုလုပ်သော ချင်းအမျိုးသားနေ့အခမ်းအနားသို့  NUG ဝန်ကြီးတက်ရောက်

By ဂျူနို(မဇ္စျိမ)
20 February 2023
ဝါရှင်တန်ဒီစီတွင်ပြုလုပ်သော ချင်းအမျိုးသားနေ့အခမ်းအနားသို့  NUG ဝန်ကြီးတက်ရောက်

အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီ၊ မေရီလန်းပြည်နယ်တွင်ပြုလုပ်သော(၇၅)နှစ်မြောက် စိန်ရတု ချင်းအမျိုးသားနေ့အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏  ဆက်သွယ်ရေးနှင့် နည်းပညာ ဝန်ကြီး ဦးထင်လင်းအောင် တက်ရောက်ကြောင်း သိရသည်။

ချင်းအမျိုးသားနေ့အခမ်းအနားကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့က မေရီလန်းပြည်နယ် ဘာလ်တီမိုးမြို့နယ်၊ Howard အထက်တန်းကျောင်းဝင်း၌ ကျင်းပခဲ့ခြင်းဖြစ်သည်။အဆိုပါ ချင်းအမျိုးသားနေ့အခမ်းအနားတွင် NUG အစိုးရ နည်းပညာနှင့် ဆက်သွယ်ရေးဝန်ကြီး ဦးထင်လင်းအောင်က မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသည်။

“တိုင်းရင်းသားဒေသတွေမှာ အာဏာရှင်စစ်ဗိုလ်တွေက အင်မတန်မှ ချိုးချိုးနှိမ်နှိမ် ဖိနှိပ်ခဲ့ကြတယ်။ နှိပ် ကွပ်ကြတယ်။ ဒါပေမယ့်အခု ကျွန်တော်တို့ရဲ့ တော်လှန်ရေးထဲမှာ ပညာတတ်တွေအများကြီးပါနေတယ်။ ဒါကြောင့် ကျွန်တော်တို့က မအောင်မြင်စရာအကြောင်းမရှိဘူး။ အမေရိကမှာ အစိုးရဝန်ထမ်းတွေ၊ ဂီတ ပညာရှင်တွေ အစရှိသဖြင့် ပညာတတ် ချင်းလူမျိုးတွေအများကြီး တွေ့ရတာဂုဏ်ယူတယ်။ (၇၅) နှစ် မြောက်ချင်းအမျိုးသားနေ့ကို မကျင်းပနိုင်တဲ့ မြန်မာပြည်ကချင်းလူမျိုးတွေအတွက် လွတ်လပ်မှု၊ တရားမျှ တမှု၊ လူ့အခွင့်အရေးတွေ ပြန်လည်ရရှိဖို့ ဆက်လက်ကြိုးစားပေးကြရအောင်” ဟု NUG ဝန်ကြီး  ဦးထင်လင်းအောင်က ပြောသည်။

ထို့ပြင် မေရီလန်းပြည်နယ် အထက်လွှတ်တော်အမတ် Mr. Clarence Lam ကလည်း မိန့်ခွန်းပြော ကြား ခဲ့ကာ ခေတ်အဆက်ဆက် မြန်မာ့ဒီမိုကရေစီအရေး၌ တက်ကြွစွာ ပါဝင်ခဲ့သူများ၊ ကျဆုံးသွားကြသော အာဇာနည်သူရဲကောင်းများကို အလေးပြုခဲ့ကြကြောင်း သိရသည်။ 

အဆိုပါအခမ်းအနားသို့ ဝါရှင်တန်ဒီစီ၊ ဗာဂျီးနီးယားနှင့် မေရီလန်းပြည်နယ်တဝိုက်မှ ချင်းတိုင်းရင်းသား များနှင့် အခြားတိုင်းရင်းသားများပါ တက်ရောက်ခဲ့ကြပြီး Chin Community of USA အဖွဲ့ကကြီးမှူးသည့် မြန်မာ အစားအစာမျိုးစုံနှင့် ရိုးရာဝတ်စုံများကို ရောင်းချသည့် ဈေးရောင်းပွဲနှင့် ရိုးရာအက၊ ဂီတဖျော် ဖြေပွဲများ ထည့်သွင်းထားကြောင်း သိရသည်။

“မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်တပ်က ချင်းပြည်နယ်တွင်း နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတာမို့ ချင်းတိုင်းရင်းသားတွေ ပြည်တွင်းမှာ ချင်းအမျိုးသားနေ့မကျင်းပနိုင်ဘဲဖြစ်နေချိန်မှာ ပြည်ပရောက် ချင်း တိုင်းရင်းသားတွေက ခုလို အမျိုးသားနေ့ကျင်းပပြီး စျေးရောင်းပွဲက ရတဲ့ငွေတွေကို ပြည်တွင်းကို ကူညီ ထောက်ပံ့သွားမှာ ဖြစ်ပါတယ်” ဟု Chin Community of USA အဖွဲ့တာဝန်ခံတဦးဖြစ်သူ ကိုဒွန်ခပ်က ပြောသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင်ကျရောက်သည့် (၇၅) နှစ်မြောက် ချင်းအမျိုးသားနေ့အထိမ်းအမှတ် အခမ်းအနားများအား ကမ္ဘာအနှံ့သို့ရောက်ရှိနေသည့် ချင်းလူမျိုးများကဦးစီးကာ ကျင်းပလျက်ရှိကြ ကြောင်း သိရသည်။

တောင်ကိုးရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် ကျင်းပပြုလုပ်သော(၇၅) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်း အနားသို့လည်း NUG ၏ တောင်ကိုးရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးရန်နိုင်ထွန်း တက်ရောက်ခဲ့ပြီး ဂုဏ်ပြုစကားပြောကြားခဲ့သည်ဟုလည်း သိရသည်။

ထို့ပြင်  အမေရိကန်နိုင်ငံအလယ်ပိုင်း အင်ဒီယားနားပြည်နယ်တွင်ကျင်းပသည့် ချင်းအမျိုးသားနေ့ အခမ်း အနားသို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဌာန ဝန်ကြီး ဒေါက်တာဆာဆာနှင့် အမေရိကန် လွှတ်တော်အမတ် Todd Young တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

စာတည်း။  ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required