ရွှေဘိုမြို့နယ် ပလိုင်းရွာနှင့် ရေတော်မူရွာများမှ နေအိမ် ၁၂၀ ကျော်မီးရှို့ခံရ

ရွှေဘိုမြို့နယ် ပလိုင်းရွာနှင့် ရေတော်မူရွာများမှ နေအိမ် ၁၂၀ ကျော်မီးရှို့ခံရ

မဇ္ဈိမ။   ။ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် အနောက်ခြမ်းရှိ ပလိုင်းကျေးရွာနှင့် ရေတော်မူရွာတို့ကို စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ် ၁၂၀ ကျော်ကို မီးရှို့ဖျက်ဆီးသွားကြောင်း Shwebo Freedom Force အဖွဲ့ ခေါင်းဆောင် ကိုကျော်ကြီးမှ ပြောသည်။

ဖေဖော်ဝါရီလ ၁၆ ရက်နေ့က “ ရေတော်မူရွာက နေအိမ် ၂၅ လုံးကျော်လောက် မီးလောင်သွားတယ်။ ပလိုင်းကတော့ သူတို့စခန်းနဲ့ အရမ်းနီးနေတော့ အတိအကျတော့မသိရသေးဘူး။ ခန့်မှန်းခြေ ၁၀၀ ကျော် လောက်ရှိမယ် “ ဟု ၎င်းကဆိုသည်။

ပလိုင်းကျေးရွာရှိ နေအိမ်များအတွင်းသို့ဝင်ရောက်ကာ  ပြည်သူပိုင်ပစ္စည်းများကို ဖောက်ထွင်းယူဆောင်ပြီးမှ နေအိမ်များကို မီးရှို့ ခဲ့ကြခြင်းဟု သိရသည်။

စစ်ကောင်စီတပ်များသည် ပလိုင်းရွာအတွင်းရှိစာသင်ကျောင်းတွင် ခြေကုပ်ယူတပ်စွဲထားပြီး အနီးအနားရှိကျေးရွာများကို စစ်ကြောင်းထိုးမှုများပြုလုပ်နေခြင်း ဖြစ်သည်။

ထို့ကြောင့်  ပလိုင်းရွာအပါအဝင် အနီးဝန်းကျင်ရှိကျေးရွာများမှ ပြည်သူများသည်လည်း ဘေးလွတ်ရာသို့ ထွက်ပြေးရှောင်တိမ်းနေရကြောင်း ကိုကျော်ကြီးက ပြောသည်။

“ ပလိုင်းတစ်ရွာတည်းတွင် ၅,၀၀၀ လောက်ရှိတယ်။ အနီးအနားက ရွာတွေနဲ့ဆိုရင် ၈,၀၀၀ လောက်ရှိနိုင်တယ်။ ရွှေဘိုမြို့ပေါ်ကို ရှောင်တဲ့သူတွေရှိသလို ဒီပဲယင်းနဲ့ ဝက်လက်ဖက်တွေကို ရှောင်ရတဲ့သူတွေလည်းရှိတယ်” ဟုဆိုသည်။

ပလိုင်းကျေးရွာတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်များကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်လျက်ရှိရာ ဖေဖော်ဝါရီ ၁၄ ရက်နေ့ မှ ၁၆ ရက်နေ့အထိ ထိတွေ့တိုက်ပွဲ သုံးကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။   ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly