အမေရိကန်က ဟွာဝေးထံ ပစ္စည်းရောင်းချမှုများ လုံးဝင်ပိတ်ပင်သွားဖွယ်ရှိ

By Taipei Times
13 February 2023
အမေရိကန်က ဟွာဝေးထံ ပစ္စည်းရောင်းချမှုများ လုံးဝင်ပိတ်ပင်သွားဖွယ်ရှိ

အမေရိကန်က တရုတ်နည်းပညာကဏ္ဍကို ဖိနှိပ်မှု အရှိန်မြှင့်နေစဉ်မှာ သမ္မတဘိုင်ဒင်အစိုးရသည် တစ်ပိုင်းလျှပ်ကူးပစ္စည်းများထုတ်လုပ်သည့် Intel Corp နှင့် Qualcomm Inc အပါအဝင် အမေရိကန် ကုမ္ပဏီများနှင့် Huawei Technologies Co ကို အဆက်အသွယ်ဖြတ်ရေး စဉ်းစားလျက်ရှိသည်။ 

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က တရုတ်နိုင်ငံ၊ ရှန်းကျန့်အခြေစိုက် ဟွာဝေးကုမ္ပဏီအား နိုင်ငံတော် လုံခြုံရေးစိုးရိမ်မှုများကြောင့် အမေရိကန်၏ ပိတ်ဆို့စာရင်းတွင် ထည့်သွင်းပြီးနောက်ပိုင်း အမေရိကန်ကုမ္ပဏီ များအား ဟွာဝေးသို့ ပစ္စည်းရောင်းချမှုကို ကန့်သတ်ထားသည်မှာ ၄ နှစ်မျှ ကြာပြီဖြစ်သည်။

ထိုစဉ်ကတည်းက အမေရိကန်ကုန်ပစ္စည်းထုတ်လုပ်ရောင်းချသူများသည် တယ်လီကွန်းကုမ္ပဏီကြီး ဟွာဝေးသို့ ပစ္စည်းရောင်းချရန် အစိုးရ၏ခွင့်ပြုချက် ရယူခဲ့ရသည်။
အမေရိကန်က လိုင်စင်မူဝါဒချိန်ညှိရေး ဆွေးနွေးနေချိန် ယခုအခါ တရုတ်အစိုးရ၊ တရုတ်စစ်တပ်တို့နှင့် ဆက်နွှယ်သည်ဟု နှစ်ရှည်လများ သံသယရှိနေသည့် ဟွာဝေးအား ရောင်းချမှုအားလုံးကို ပိတ်ပင်ရန် ဘိုင်ဒင်အစိုးရအဖွဲ့မှ အရာရှိအချို့က ထောက်ခံအားပေးနေကြောင်း ယင်းကိစ္စနှင့် နီးစပ်သူများက ပြောသည်။

ဘိုင်ဒင်သမ္မတဖြစ်လာပြီးကတည်း တရုတ်နှင့် ဆက်ဆံရေးတင်းမာမှုများ မြင့်တက်နေကာ အထူးသဖြင့် တရုတ်၏ နည်းပညာတိုးတက်မှုများကို ကန့်သတ်ရေးအတွက် တရုတ်နိုင်ငံအား ဆက်လက်နှိပ်ကွပ်ထားရန် အမေရိကန်အောက်လွှတ်တော်ကို ထိန်းချုပ်ထားသည့် ရီပတ်ဘလစ်ကန်များက ဘိုင်ဒင်ကို ဖိအားပေးလျက်ရှိသည်။

ဟွာဝေးသည် တစ်ချိန်က ကမ္ဘာတွင် အီလက်ထရွန်နစ်အစိတ်အပိုင်းများကို အများဆုံးဝယ်ယူသူဖြစ်ခဲ့ပြီး လက်ကိုင်ဖုန်းထုတ်လုပ်ခြင်းနှင့် ကွန်ရက်ချိတ်ဆက်မှုလုပ်ငန်းများလုပ်ဆောင်သောကြောင့် ကုန်ပစ္စည်းထုတ်လုပ်ဖြန့်ချိရေးလုပ်ငန်းစဉ်တွင် အလွန်အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့သည်။

ထရမ့်၏ ပိတ်ပင်မှုကြောင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းနှင့် ဆော့ဖ်ဝဲလ်များထုတ်လုပ်သော Broadcom Inc ကဲ့သို့သော အမေရိကန်ကုမ္ပဏီများအတွက် ဝင်ငွေအများအပြား ဆုံးရှုံးသွားသော်လည်း အမေရိကန်ကုန်သွယ်ရေးဌာနက အခြားထုတ်ကုန်အချို့ကို ဟွာဝေးထံ ဆက်လက်ရောင်းချခွင့်ပြုခဲ့သည်။

မူဝါဒအသစ်အရ ဟွာဝေးကုမ္ပဏီအား ပစ္စည်းရောင်းချရေးအတွက် လျှောက်ထားသည့် လိုင်စင်အားလုံးကို ငြင်းဆိုသင့်ကြောင်း အမေရိကန်အရာရှိအချို့က ထောက်ခံနေကြသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly