FOEIM ကျောင်းကိစ္စ သက်ဆိုင်ရာ ဉပဒေများအရ ဆက်လက်အရေးယူမည်ဖြစ်ကြောင်း NUG ထုတ်ပြန် NUG ပညာရေးဝန်ကြီးဌာန၏ ကိုင်တွယ်ဖြေရှင်းပုံ နှောင့်နှေးနေဟု ကျောင်းသားမိဘများဝေဖန်

FOEIM ကျောင်းကိစ္စ သက်ဆိုင်ရာ ဉပဒေများအရ ဆက်လက်အရေးယူမည်ဖြစ်ကြောင်း NUG ထုတ်ပြန် NUG ပညာရေးဝန်ကြီးဌာန၏ ကိုင်တွယ်ဖြေရှင်းပုံ နှောင့်နှေးနေဟု ကျောင်းသားမိဘများဝေဖန်

မဇ္စျိမ။ ။ ငွေကြေးပြဿနာဖြစ်ပွားခဲ့သည့် Free Online Education Institution Myanmar (FOEIM) ကျောင်းကိစ္စနှင့် ပတ်သက်ပြီး ကျောင်းတည်ထောင်သူ ကိုခန့်သူနှင့် ကျောင်းပညာသင်ကြားရေးကို ပျက်စီးအောင်ပြုလုပ်ခဲ့သူများအားလုံးကိုအသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုအတိုင်း သက်ဆိုင်ရာ ဉပဒေများအရ အရေးယူသွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

FOEIM ကျောင်းရုံးအဖွဲ့ဝင် လေးဦးက ကျောင်း တည်ထောင်သူ ကိုခန့်သူ၏ ငွေကြေးသုံးစွဲမှုစာရင်းနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးပေးရန် NUGထံသို့ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းက တိုင်ကြားထားခဲ့ရာ ကြားနာစုံစမ်းရေးအဖွဲ့၏ အပြီးသတ်အစီရင်ခံစာနှင့် ပညာရေးဝန်ကြီးဌာန၏ ဆောင်ရွက်မှုများကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကထုတ်ပြန်ခြင်းဖြစ်သည်။

ကျောင်းလခများ ကောက်ခံပြီး ဆရာ၊ ဆရာမများ Data Supportအတွက် ငွေကြေးတာဝန်ယူမှုမရှိသော ကျောင်းတည်ထောင်သူ ကိုခန့်သူနှင့် ကျောင်းပညာသင်ကြားရေးကို ပျက်စီးအောင်ပြုလုပ်ခဲ့သူများအားလုံးကို အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုအတိုင်း သက်ဆိုင်ရာ ဉပဒေများအရ ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း NUG ပညာရေးဝန်ကြီးဌာန က ထုတ်ပြန်ထားသည်။

FOEIM ကျောင်းသည် နွေဦးတော်လှန်ရေးကာလ အစောပိုင်းတွင် အခမဲ့ ကျောင်းအဖြစ် စတင်ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် ကျောင်း၌ပညာသင်ကြားပေးနေသော CDM ဆရာ၊ ဆရာမများအတွက် လိုအပ်သော အင်တာနက်ဒေတာနှင့် လစာများထောက်ပံ့ရန်အတွက်ဟုဆိုကာ ငွေကြေးကောက်ခံမှု ပြုလုပ်ခဲ့သည်။

ကျောင်းတည်ထောင်သူ ကိုခန့်သူသည် FOEIM ကျောင်းကို မိမိတစ်ဦးတည်းပိုင်ကျောင်းအဖြစ် သတ်မှတ်ပြီး ဝင်ငွေများကို ကျောင်းစီမံခန့်ခွဲရေးအဖွဲ့နှင့် တိုင်ပင်ခြင်းမရှိဘဲ ၎င်းစိတ်ကြိုက် သုံးစွဲခဲ့ကြောင်း ကြားနာစုံစမ်းရေးအဖွဲ့က အစီရင်ခံစာတွင် ဖော်ပြသည်။

ထို့အပြင် နှစ်ဦးနှစ်ဖက်က တင်ပြလာသော ဝင်ငွေ၊ ထွက်ငွေ စာရင်းမှာ ကွာဟချက် ကြီးမားခြင်း၊ ငွေစာရင်းများအတွက် အထောက်အထားများ တင်ပြနိုင်ခြင်းမရှိခြင်း၊ တိုင်ကြားသူများက ဝင်ငွေအထောက်အထား စလစ်ပေါင်း သောင်းနှင့်ချီတင်ပြသော်လည်း ထွက်ငွေအသုံးစရိတ်အတွက် အထောက်အထားတင်ပြနိုင်ခြင်းမရှိခြင်း၊ တိုင်ကြားခံရသူအနေဖြင့်မူ ၎င်းတင်ပြသည့် ငွေစာရင်းအားလုံးအတွက် အထောက်အထားလုံးဝ တင်ပြနိုင်ခြင်းမရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

နွေဦးတော်လှန်ရေးကာလအတွင်း မိဘပြည်သူများ၏ ငွေကြေးများကို စိတ်ကြိုက်စီမံခန့်ခွဲသုံးစွဲသူ ကိုခန့်သူအပါအဝင် အလွဲသုံးစားပြုသူများကို ရှာဖွေဖော်ထုတ်ရန်အပါအဝင် အချက် ခြောက်ချက်ကို ကြားနာစုံစမ်းရေးအဖွဲ့က NUGထံ အကြံပြုတင်ပြထားသည်ကို အစီရင်ခံစာတွင် တွေ့ရသည်။

NUG ပညာရေးဝန်ကြီးဌာနက FOEIM၏ ပညာသင်ကြားမှုကို ရပ်တန့်မှုမဖြစ်စေရေး တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့သော်လည်း ကိုခန့်သူက ဆရာ၊ ဆရာမများ ရုံးဝန်ထမ်းများကို လစဉ်ပေးရမည့် Data Supportများ ဆက်လက်ပေးဆောင်ခြင်းမရှိသကဲ့သို့ လုံခြုံရေးကျိုးပေါက်မှုမရှိစေရေး ရုံးအဖွဲ့တွင် တာဝန်ရှိသော်လည်း Social Mediaပေါ်တွင် ကျောင်းသား၊ ကျောင်းသူအချို့၏ အချက်အလက်များ ပေါက်ကြားခဲ့သည်ကို တွေ့ရသည်ဟုဆိုသည်။

“ပြဿနာဖြစ်ပွားစေခဲ့သည့် ကျောင်းတည်ထောင်သူကိုခန့်သူနှင့် ရုံးအဖွဲ့တို့သည် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်မှုအားနည်းပြီး မိမိတို့ဖြစ်စေလိုသည့် ဆန္ဒအတိုင်း ဆောင်ရွက်ခဲ့ကြသည်ကို တွေ့ရှိရပါသည်”ဟုလည်း NUG ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

လက်ရှိတွင် အဆိုပါ ​ငွေ​ကြေးပြဿနာ​ကြောင့် FOEIM​ကျောင်းမှာ နှစ်​ကျောင်းကွဲသွားပြီး ဆက်လက်ဖွင့်လှစ်နိုင်​ရေး​ဆောင်ရွက်​နေ​ကြောင်းလည်း သိရသည်။

FOEIM ကျောင်းကိစ္စနှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ပညာရေးဝန်ကြီးဌာန၏ ကိုင်တွယ်ဖြေရှင်းပုံသည် ရှင်းရှင်းလင်းလင်းမရှိဘဲ ကျောင်းသားကျောင်းသူများ၏ ပညာသင်ကြားရေးအဆင်ပြေချောမွေ့အောင်  ဖြေရှင်းပေးစေလိုကျောင်း ကျောင်းသားမိဘများက မှတ်ချက်ပြုသည်။

" ကိုခန့်သူက ငွေကြေးအလွဲသုံးစားလုပ်တာ။ ဒါကို အရေးယူပေးပါ။ ကလေးတွေရဲ့ ပညာသင်ကြားရေးကို အဟန့်အတား အဖြစ်မခံနိုင်ပါဘူး"ဟု FOEIM တွင် ကျောင်းတက်နေသော ခုနှစ်တန်းကျောင်းသူတစ်ဦး၏ ဖခင်တစ်ဦးကပြောသည်။

FOEIM တွင် ကျောင်းတက်နေသူ ကျောင်းသားကျောင်းသူဦးရေ သုံးသောင်းကျော်ရှိပြီး ကျောင်းသားမိဘအများစုက ကျောင်းတည်ထောင်သူကိုခန့်သူကို ပြစ်တင်ဝေဖန်နေကြသည်။

" NUG MOE က ငွေအလွဲသုံးစားလုပ်တဲ့သူဘက်ကနေ ပြောပေးနေသလိုပဲ။မျှတစွာဆုံးဖြတ်ပေးပါ။
စာသင်ကြားပေးတဲ့ဆရာဆရာမတွေနဲ့ကျောင်းအုပ်ချုပ်ရေးဘက်ကိုလည်း ထည့်စဉ်းစားပေးပါဦး။
စေတနာထားပြီးသင်ပေးလုပ်ပေးတဲ့သူတွေ ၉၀%ရှိပါတယ်"ဟု FOEIM ရုံးအဖွဲ့ကို ထောက်ခံသူတစ်ဦးက လူမှုကွန်ရက်တွင် ရေးသားတောင်းဆိုထားသည်။

ပြည်သူတစ်ဦးကလည်း
" NUG သည် ဗဟိုအစိုးရအဖြစ်ပြည်သူကလက်ခံထားပြီး  FOEIM နဲ့ လည်းပညာရေး မိတ်ဖက်အဖွဲ့အစည်းလို့သိထားပါတယ်။  ယခုကိစ္စမှာ Founder တယောက်ရဲ့ ငွေကြေးပိုင်းထိန်းသိမ်းမှု မူမမှန်တာကို ရုံးအဖွဲ့ကသိရှိလို့ NUG,MOE ကို တိုင်ကြားခြင်း ဖြစ်ပါတယ်။ MOE အနေနဲ့လည်း ရုံးအဖွဲ့ရဲ့သဘောထားကို လက်ခံပေးစေလိုပြီး ထိရောက်တဲ့actionတခုခုကို ထုတ်ပြန်ပေးသင့်ပါတယ်။ FOEIM သည် ပညာရေးစနစ်ကောင်းမွန်တဲ့ အဖွဲ့အစည်းတခုဖြစ်ပါတယ်။ ဒီလိုကောင်းမွန်လာတာသည် founderတယောက်ထဲပေါ်မှာ မူတည်တာမဟုတ်ပါ။ရုံးအဖွဲ့ ရော ဆရာ၊ဆရာမတွေရော အားလုံးရဲ့အားထုတ်ကြိုးပမ်းမှုကြောင့်ပါ။ တဦးတယောက်ရဲ့ အပြုအမှုကြောင့် စကစ ပညာရေးကိုတွန်းလှန်နေသော ခလေးတွေရော စေတနာဖြင့်လုပ်ကိုင်ပေးနေသော အခြားရုံးအဖွဲ့နဲ့ ဆရာ၊ဆရာမတွေရော စိတ်ဓါတ်ပိုင်းဆိုင်ရာမထိခိုက်စေချင်ပါဘူး ။ထိရောက်တဲ့ action တခုခုနဲ့ ရုံးအဖွဲ့နဲ့ပူးပေါင်းစေလိုပါတယ်" ဟု တောင်းဆိုထားသည်။

FOEIM ကျောင်းတည်ထောင်သူ ကိုခန့်သူသည် အသက် ၂၃နှစ်အရွယ်ရှိပြီး ကျောင်းသားမိဘများထံမှ ကောက်ယူခဲ့သောငွေကြေးများအနက် သိန်းပေါင်းနှစ်သောင်းကျော်ကို ကိုယ်ကျိုးအတွက်အသုံးပြုထားကြောင်း သတင်းများထွက်ပေါ်ခဲ့ဖူးသည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required