လပေါ်ရှိ သယံဇာတကြွယ်ဝသောဒေသများကို တရုတ်က ပိုင်ဆိုင်ကြောင်း ကြေညာလာနိုင်

By ANI 
10 February 2023
လပေါ်ရှိ သယံဇာတကြွယ်ဝသောဒေသများကို တရုတ်က ပိုင်ဆိုင်ကြောင်း ကြေညာလာနိုင်

တရုတ်နိုင်ငံသည် အာကာသစူးစမ်းလေ့လာရေးမှ တစ်ဆင့် စီးပွားရေးအကျိုးအမြတ်များရရှိရန် ရည်ရွယ်ထားခြင်းကြောင့် သယံဇာတပေါကြွယ်ဝသော လ၏ ဒေသများကို ၎င်းပိုင်ဆိုင်မှုအဖြစ် ကြေညာလာနိုင်ကြောင်း NASA အုပ်ချုပ်ရေးမှူး ဘေလ်နယ်ဆင်က သတိပေးခဲ့သည်ဟု အင်ဒို-ပစိဖိတ်မဟာဗျူဟာဆက်သွယ်ရေးဗဟိုဌာန (IPCSC) က သတင်းထုတ်ပြန်သည်။

အာကာသအစီအစဉ်ကိုအသုံးချပြီး စစ်ရေး၊ စီးပွားရေးနှင့် နည်းပညာဆိုင်ရာ အင်အားကြီးနိုင်ငံဖြစ်လာရေး တရုတ်၏ ကြိုးပမ်းမှုများသည် မကြာမီ ကမ္ဘာ့အခင်းအကျင်းကို ပြန်လည်ပုံဖော်လိမ့်မည်ဖြစ်ကြောင်း IPCSC ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
တရုတ်က ထုတ်လုပ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၀ ထရီလီယံရှိသည့် စီးပွားရေးဇုန် တစ်ခုတည်ထောင်မည့် အစီအစဉ်ကို ၂၀၂၀ ပြည့်နှစ်တွင် ကြေညာခဲ့သည်။

တရုတ်က လပေါ်၌ အလိုရှိသည့် ဧရိယာတွင် သိပ္ပံသုတေသန အဆောက်အအုံများ ဆောက်လုပ်ပြီးနောက် အချုပ် အခြာအာဏာပိုင်ကြောင်း တောင်းဆိုမည်ကို စိုးရိမ်မိကြောင်း ဇန်နဝါရီ ၁ ရက်က Politico နှင့် လူတွေ့မေးမြန်း ခန်းတွင် နယ်လ်ဆင်က ပြောကြားခဲ့သည်။
တရုတ်သည် ကမ္ဘာမြေကို လှည့်ပတ်နေသည့် အာကာသစခန်းတစ်ခုကို ၂၀၂၂ ခုနှစ်က တည်ဆောက်ခဲ့ပြီး လမှ နမူနာများ သယ်ဆောင်ရန် လေ့လာရေးခရီးစဉ်များစွာ စေလွှတ်ခဲ့သည်။

တရုတ်သည် လ၏ တောင်ဝင်ရိုးစွန်းအနီးတွင် ကိုယ်ပိုင်သီးသန့်သုတေသနစခန်းတစ်ခုကိုလည်း တည်ဆောက်ရန် စီစဉ်နေပြီး ၂၀၂၅ ခုနှစ်တွင် စတင်မည်ဟု မျှော်လင့်ရကြောင်း IPCSC က ဖော်ပြခဲ့သည်။
စီးပွားရေး အမြတ်အစွန်းနှင့် မဟာဗျူဟာမြောက်အကြောင်းရင်းများကြောင့် တရုတ်သည် အာကာသစစ်ပွဲကို အနိုင်ရရန် ကြိုးစားနေသည်။

တရုတ်က အမေရိကန်ကို အမီလိုက်လာပြီး ကျော်တက်သွားကာ အာကာသတွင် စစ်ရေးတည်ဆောက်မည်ကို စိုးရိမ်ကြောင်း အမေရိကန်အာကာသတပ်ဖွဲ့၏ စစ်ဦးစီးအရာရှိချုပ် နီနာအာမက်နိုက ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်တွင် ဩစတြေးလျမဟာဗျူဟာမူဝါဒဌာနသို့ ပြောကြားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly