ဗကသခေါင်းဆောင်ဟောင်း ကိုလင်းထက်နိုင်‌(ခ)ကိုဂျိမ်းအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားမှု အမိန့်မချဖြစ်

By မောင်ခက်နွေ
07 February 2023
ဗကသခေါင်းဆောင်ဟောင်း ကိုလင်းထက်နိုင်‌(ခ)ကိုဂျိမ်းအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားမှု အမိန့်မချဖြစ်

မဇ္ဈိမ။ ။ဗကသကျောင်းသားခေါင်းဆောင်ဟောင်းနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် ကိုလင်းထက်နိုင်‌(ခ)ကိုဂျိမ်းအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားမှုအပေါ် ဖေဖော်ဝါရီ ၆ ရက်နေ့က အာဏာသိမ်းစစ်ကောင်စီမှ အမိန့်ချမှတ်ခြင်းမရှိဘဲ ရက်ရွှေ့လိုက်ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဖေဖော်ဝါရီလ ၆ ရက်နေ့က ကိုလင်းထက်နိုင်‌(ခ)ကိုဂျိမ်းအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)ဖြင့် အမိန့်ချရန်စီစဉ်ထားခြင်းဖြစ်ပြီး ရုံးထုတ်လာသည်ကို မတွေ့ကြောင်း မိသားစုနှင့်နီးစပ်သူ တစ်ဦးက ဆိုသည်။
“မနေ့ကချမယ်ပြောပြီး သူ့ကိုရုံးမထုတ်ဘူး ၊ မချသေးဘူး”ဟု ၎င်းကဆိုသည်။

ထို့ပြင် ကိုလင်းထက်နိုင်အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)အစား ပုဒ်မ ၅၀(ဃ) ဖြင့် ပြောင်းလဲတရားစွဲဆိုထားကြောင်းလည်း ဆက်လက်ရှင်းပြသည်။

ယခုကဲ့သို့ ပုဒ်မပြောင်းလဲခြင်းနှင့်ပတ်သက်ပြီး မည်သည့်အတွက်ပြောင်းလဲသည်ကိုမူ မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ပုဒ်မ ၅၀(ဃ)ဆိုသည်မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၏ ပုဒ်မ(၂၀)တွင် ပြဌာန်းထားသည့် နျူကလီးယား အဆောက်အအုံဆိုင်ရာပြစ်မှုဖြစ်ပြီး အနိမ့်ဆုံး ထောင်ဒဏ် ၁၀ နှစ်မှ အမြင့်ဆုံးထောင်ဒဏ် တစ်သက်တစ်ကျွန်းထိချနိုင်သည့် ပုဒ်မဖြစ်သည်။

“ကျန်းမာရေးလည်း ကောင်းတယ်။ အပြင်ကလူတွေကိုတောင် သူက ကျန်းမာရေးဂရုစိုက်ဖို့ ပြောနေသေး တယ်”ဟု မိသားစုနှင့်နီးစပ်သူတစ်ဦးကပြောသည်။

ကိုလင်းထက်နိုင်အား လာမည့်ရက်သတ္တပတ်အတွင်းရုံးထုတ်ပြီး အမိန့်ချနိုင်ကြောင်းလည်းဆိုသည်။

လက်ရှိတွင် ကိုလင်းထက်နိုင်(ခ)ကိုဂျိမ်းအား အင်းစိန်ထောင်တွင်းတရားရုံးတွင်စစ်ကောင်စီက ၅၀၅(က) ဖြင့် အလုပ်ကြမ်းမပါ ထောင်ဒဏ်သုံးနှစ်ချမှတ်ထားသည်။

ကိုလင်းထက်နိုင်ကို ၂၀၂၂ ခုနှစ် ဇွန်လ ၁၈ ရက်နေ့တွင် ဗိုလ်တထောင်မြို့နယ်ရှိ စားသောက်ဆိုင် တစ်ဆိုင်၌ စစ်ကောင်စီတပ်ကဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာလ ၃ ရက်နေ့တွင် အင်းစိန်ထောင်တွင်း တရားရုံး၌တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့၊ အင်းစိန်ထောင်ဗူးဝတွင် ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင်း ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှု၌ ၎င်းထံ ထောင်ဝင်စာလာပို့သည့် မိခင်ဖြစ်သူ ဒေါ်ကြီးမြင့်(ခ)ဒေါ်မေမေကြည် ထိခိုက်သေဆုံးခဲ့ရသည်။ မိခင်ဖြစ်သူ၏ နာရေးသို့ သွားရောက်ခွင့်ပြုရန် ကိုလင်းထက်နိုင်၏ တောင်းဆိုမှုကိုလည်း ထောင်အာဏာ ပိုင်များက ပယ်ချခဲ့သည်။

ကိုလင်းထက်နိုင်သည် ၂ဝဝ၇ မျိုးဆက် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) တွင် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဒီမိုကရေစီအရေး လှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင် ခဲ့သူတစ်ဦး ဖြစ်သည်။
ထို့ပြင် ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးနှင့် ဒီမိုကရေစီ ပညာရေးသပိတ်တွင် ဦးဆောင်ပါဝင်ခဲ့၍ ထောင်ဒဏ် အကြိမ်ကြိမ်ချမှတ်ခံရဖူးသူလည်း ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ ဖေဖော်ဝါရီလ ၆ ရက်နေ့အထိ ထုတ် ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးတွင် စစ်အာဏာသိမ်းမှုကာလ ၇၃၆ ရက်အတွင်း ပြည်သူ ၂၉၅၄ ဦး အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကာ ဖမ်းဆီးခံရသူ ၁၇၆၆၈ ဦးအထိရှိလာခဲ့ပြီဖြစ်ပြီး ပြန်လည် လွတ်မြောက် လာသူ ၃၈၁၅ ဦး ရှိပြီဖြစ်သည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required