မြန်မာပြည်အကြောင်းပြောထားတဲ့ Docu Athan မှတ်တမ်းရုပ်ရှင်အစီအစဥ်

By ကီရာ
04 February 2023
မြန်မာပြည်အကြောင်းပြောထားတဲ့ Docu Athan မှတ်တမ်းရုပ်ရှင်အစီအစဥ်

'' သူတို့ ကျွန်မကိုဖမ်းသွားကြပြီးတော့ သူတို့ပြောတဲ့စစ်ကြောရေးမှာ ကျွန်မနောက်ဆုံးမြင်လိုက်ရတဲ့ အလင်းရောင်က ကျွန်မလက်ကို သူတို့လက်ထိပ် ခတ်လိုက်တဲ့မြင်ကွင်းပဲ '' ဆိုတဲ့အသံဟာ The Red လို့အမည်ပေးထားတဲ့ ဇာတ်လမ်းတိုမှတ်တမ်းရုပ်ရှင်တစ်ခုထဲကပဲ ဖြစ်ပါတယ်။

ဒီဇတ်လမ်းတိုကိုတော့ Director H က ရိုက်ကူးဖန်တီးထားပြီး သူကြုံတွေ့ခဲ့ရတဲ့ စစ်ကြောရေးငရဲခန်းအကြောင်းကို ပြန်လည်ပြောပြထားတာဖြစ်ပါတယ်။ ရုပ်သံထဲမှာတော့ အမျိုးသမီးတစ်ယောက်ရဲ့ လှပတဲ့လက်သည်းတွေကိုမြင်ရမယ့်အစား လက်သည်းခွံတွေခွာခံထားရပြီး လက်ထိပ်တွေကို ပလာစတာတွေနဲ့ကပ်ထားတဲ့လက်တွေနဲ့ ခန္ဓာကိုယ်အနှံ့မှာရှိနေခဲ့ဖူးတဲ့ စစ်ဖိနပ်အရာတွေအကြောင်း ပြောပြနေတဲ့အမျိုးသမီးတစ်ဦးရဲ့ အသံကိုကြားရမှာဖြစ်ပါတယ်။

ဒါဟာ Docu Athan ဆိုတဲ့ မှတ်တမ်းရုပ်ရှင်အစီအစဉ်တစ်ခုမှာ ပထမဆုံး မြင်တွေ့ခဲ့ရတဲ့ ဗီဒီယိုပါ။ ဒီမှတ်တမ်းရုပ်ရှင်အစီအစဉ်ကိို  ဂျပန်လူမျိုးသတင်းထောက် Mr. Yuki Kitazumi နဲ့ ဂျပန်လူမျိုး မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ Mr.Toru Kubota တို့က စီစဉ်ဖန်တီးခဲ့တာပါ။

Mr.Kitazumi က သူအင်းစိန်ထောင်က ပြန်လည်လွတ်မြောက်လာပြီးတဲ့အချိန်မှာ မြန်မာနိုင်ငံက အသိမိတ်ဆွေတွေနဲ့ မြန်မာပြည်သူတွေကို ဘယ်လိုကူညီရမလဲလို့ အမြဲတမ်းစဉ်းစားနေခဲ့ပြီး Mr. Kubota နဲ့တွေ့တဲ့အချိန်မှာတော့ Mr.Kubota ကလည်း သူနဲ့အတွေးတူတာကိုသိခဲ့ရပြီး ဒါကိုစတင်အကောင်အထည်ဖော်ခဲ့ကြတာဖြစ်ပါတယ်။

မြန်မာနိုင်ငံက အဖြစ်အပျက်တွေနဲ့ ပြည်သူတွေကြုံတွေ့နေရတာတွေကို မှတ်တမ်းတင်ဖို့နဲ့ ပြည်သူတွေအစား တဆင့်ပြောပေးနိုင်ဖို့ သတင်းထောက်တွေ အများကြီးလိုအပ်တဲ့အကြောင်း Mr.Kitazumi ကပြောပါတယ်။

အခု ပထမဆုံးစတင်တဲ့အနေနဲ့ မှတ်တမ်းရုပ်သံ ဗီဒီယိုသုံးခုလုပ်ဆောင်ထားပြီး နောက်ထပ်ရုပ်သံတွေအတွက်လည်း တခြားသတင်းထောက်တွေ၊ မှတ်တမ်းရုပ်ရှင်သမားတွေကို ဆက်လက်ရှာဖွေနေတယ်လို့ Mr. Yuki Kitazumiက ပြောပါတယ်။

ဒီ Docu Athan  ဝဘ်ဆိုက်မှာတော့ မြန်မာရုပ်ရှင်တွေနဲ့ မှတ်တမ်းရုပ်ရှင်တွေကို ပြသထားပြီး ဂျပန်ဘာသာနဲ့လည်း ကြည့်ရှုနိုင်ဖို့ စီစဉ်ထားတာကိုတွေ့ရပါတယ်။ ကြည့်ရှု့သူတွေအနေနဲ့လည်း မိမိနှစ်သက်တဲ့ ဒါရိုက်တာတွေကို ရွေးချယ်ပြီး ဂျပန်ငွေ ယန်း(၁၀၀၀)ကစပြီး လှူဒါန်းနိုင်မှာ ဖြစ်ပါတယ်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly