ကရင်နီပြည်နယ်တိုက်ပွဲအတွင်း ချိုးဖြူတပ်ခွဲ ရဲဘော် ကျဆုံး

By ဂျူနို
03 February 2023
ကရင်နီပြည်နယ်တိုက်ပွဲအတွင်း ချိုးဖြူတပ်ခွဲ ရဲဘော် ကျဆုံး

(မဇ္ဈိမ)။ ။ ရှမ်းပြည်တောင်ပိုင်းအခြေစိုက် ရှမ်းတောင်ဒေသခံတော်လှန်ရေးတပ်ပေါင်းစု(SSLRU)၏ ပူးပေါင်းတပ်ဖွဲ့ဝင်ဖြစ်သော ချိုးဖြူပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်မဲကြီးသည် ကရင်နီပြည်နယ် တိုက်ပွဲအတွင်း ကျဆုံးခဲ့ကြောင်း သိရသည်။

ချိုးဖြူ‌တပ်ခွဲ - J.P.G.F မှ အသက် ၁၉ နှစ်အရွယ် ရဲဘော်မဲကြီးမှာ ကရင်နီပြည်နယ် ရှေ့တန်းနယ်မြေအတွင်း စစ်ကောင်စီတပ်သားများအား ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်ရင်း ဇန်နဝါရီ ၃၁ ရက်၊ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန်တွင် ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း ချိုးဖြူပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ကျဆုံးရဲဘော်မဲကြီး၏ ဈာပန အခမ်းအနားအား ရှမ်း-ကရင်နီနယ်စပ်တနေရာ၌ ယမန်နေ့ ဖေဖော်ဝါရီ လ ၂ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း ချိုးဖြူတပ်ခွဲထံမှ သိရသည်။

“မိသားစုနဲ့ထပ်တူဝမ်းနည်းပြီး သူပေးဆပ်သွားရတာနဲ့တန်အောင် တော်လှန်ရေးလုပ်ငန်းတွေကို ပိုလုပ်သွားပါမယ်။ အရေးတော်ပုံ အမြန်ဆုံးအောင်မြင်ဖို့ ကျွန်တော်တို့ အစွမ်းကုန်ကြိုးစား သွားကြပါမယ်။ မြင့်မြတ်စွာနဲ့ ကျဆုံးသွားတဲ့ ကျွန်တော်တို့ရဲဘော် မဲကြီးကို အလေးနီပြုပါတယ်။ ရဲဘော်မဲကြီး ကောင်းရာသုဂတိလားပါစေ” ဟု ချိုးဖြူပြောက်ကျားတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ရဲဘော်မဲကြီးအား နွေဦးတော်လှန်ရေး၏ အာဇာနည်သူရဲကောင်းအဖြစ် အစဉ်ထာဝရ အသိမှတ်ပြု မှတ်ကျောက်တင် ဂုဏ်ပြုရင်း ရဲဘော်နှင့် တိုင်းရင်းသားပြည်သူလူထုတို့ လိုလားတောင့်တနေသော စစ်မှန်သည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု မရမချင်း ဆက်လက်၍ တိုက်ပွဲဝင်တော်လှန် သွားမည်ဟု ကတိသစ္စာ အဓိဋ္ဌာန်ပြုကြောင်း ရှမ်းပြည်(တောင်ပိုင်း) ဒေသခံတော်လှန်ရေးတပ်ပေါင်းစု ဗဟိုကော်မတီကလည်း သတင်းထုတ်ပြန်ထားသည်။

ကရင်နီတော်လှန်ရေးတပ်ပေါင်းစုနှင့် ရှမ်းတောင်ဒေသခံတော်လှန်ရေးတပ်ပေါင်းစု တို့သည် ကရင်နီဒေသအတွင်းရှိ တိုက်ပွဲများတွင် စစ်ရေးပူးပေါင်းတိုက်ခိုက်လျက်ရှိသည်ဟု သိရသည်။

ယင်းကဲ့သို့ ပူးပေါင်း တိုက်ခိုက်ခဲ့သည့် ယခု သုံးလပြည့်ခဲ့ချိန်၌ SSLRU တပ်ပေါင်းစုမှ ရဲဘော် တစ်ယောက်ကျဆုံးခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်းနှင့် ဝမ်းနည်းနှမြောတသ ဖြစ်ရပါကြောင်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစု(KRU) က ထုတ်ပြန်ထားသည်။

ကျဆုံးရဲဘော်မဲကြီးအား နွေဦးတော်လှန်ရေး၏အာဇာနည် သူရဲကောင်းအဖြစ်ထာဝရ အသိအမှတ်ပြုကြောင်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစု(KRU) ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ချိုးဖြူတပ်ခွဲ - J.P.G.F မှာ ရှမ်းပြည်(တောင်ပိုင်း) ဒေသခံတော်လှန်ရေးတပ်ပေါင်းစု - S.S.L.R.U ၏ တပ်ခွဲတစ်ခုဖြစ်ပြီး စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသော တပ်ဖွဲ့တစ်ဖွဲ့ ဖြစ်သည်။

ချိုးဖြူပြောက်ကျားတပ်ဖွဲ့ကို၂၀၂၂ခုနှစ် မတ်လ ၇ ရက်နေ့မှ စတင်ဖွဲ့စည်းခဲ့ပြီး အဖွဲ့မဖွဲ့စည်းခင်က ရွာငံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF)အနေဖြင့် လှုပ်ရှားခဲ့သည်ဟု သိရသည်။

၂၀၂၂ခုနှစ် မေလတွင် YPDFကို ဖျက်သိမ်းကြောင်း ကြေညာပြီး JPGF အနေဖြင့် ယနေ့တိုင်လှုပ်ရှားနေခြင်းဖြစ်သည်ဟု သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required