အိန္ဒိယနှင့်တရုတ်နယ်စပ် အခြေအနေကို အမေရိကန်က အနီးကပ်စောင့်ကြည့် 

By ANI 
03 February 2023
အိန္ဒိယနှင့်တရုတ်နယ်စပ် အခြေအနေကို အမေရိကန်က အနီးကပ်စောင့်ကြည့် 

အမေရိကန်က အိန္ဒိယနှင့် တရုတ်အကြား နယ်နိမိတ်အငြင်းပွားမှုအခြေအနေကို အနီးကပ် စောင့်ကြည့်နေကြောင်းနှင့် ဒီဇင်ဘာလတွင် နှစ်နိုင်ငံအကြား ပြဿနာမဖြစ်ပွားသဖြင့် စိတ်သက်သာရာရသည်ဟု ပြောသည်။

“နယ်စပ်တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး အခြေအနေကို ကျွန်တော်တို့ အနီးကပ် သေချာ စောင့်ကြည့်နေပေမယ့် အနည်းဆုံး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာ နှစ်ဖက်အကြား ထိတွေ့မှုတွေ ဖြစ်ခဲ့ဟန်မရှိဘူးလို့ ကြားသိရတော့ စိတ်သက်သာရာရပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေးဌာနမှ ဒုတိယပြောရေးဆိုခွင့်ရှိသူ ဗီးဒန့်ပက်တဲလ်က ဇန်နဝါရီလ ၂၆ ရက်တွင် ပြောကြားခဲ့သည်။

 နှစ်ဖက်စလုံး၏ အခြေအနေ ငြိမ်သက်နေသဖြင့် အမေရိကန်မှ စိတ်သက်သာရာရကြောင်း ပက်တဲလ်က ပုံမှန်သတင်းစာရှင်းလင်းပွဲ တွင် မီဒီယာများ၏ မေးမြန်းချက်ကို ဖြေကြားခဲ့သည်။
လာဒက်တွင် ၂၀၂၀ ခုနှစ်တွင် ဖြစ်ပွားခဲ့သော နယ်စပ်ပဋိပက္ခသည် နှစ်ဘက်အကြားတွင် အဓိကပြဿနာအဖြစ် ရှိနေဆဲဖြစ်သည်။ အိန္ဒိယနှင့် တရုတ်တို့သည် ၂၀၂၀ ခုနှစ် ဧပြီလမှ စတင်၍ နှစ်နိုင်ငံနယ်စပ်ရှိ နယ်စပ်မျဉ်းတလျှောက်အခြေအနေနှင့် ပတ်သက်၍ သံတမန်ရေးရာနှင့် စစ်ရေးအဆင့်အစည်းအဝေးများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ကြသည်။

တရုတ်-အိန္ဒိယနယ်စပ်အခြေအနေသည် လက်ရှိအချိန်တွင် တည်ငြိမ်နေကြောင်းနှင့် နှစ်နိုင်ငံဆက်ဆံရေးကို ဘက်ပေါင်းစုံ ရေရှည်ရှုထောင့်မှနေ၍ ကြည့်ရှုသင့်ကြောင်း တရုတ်ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆန်ဝေဒုန်းက တရုတ်နိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး ပရာဒိပ် ကူးမား ရာဝတ်အား မကြာသေးမီက ပြောကြားခဲ့သည်။ 
လက်ရှိတွင် နယ်စပ်အခြေအနေသည် တည်ငြိမ်နေသောကြောင့် အိန္ဒိယနှင့် တရုတ်နှစ်နိုင်ငံစလုံးသည် ခေါင်းဆောင်များကြား အရေးကြီးသော သဘောတူညီမှုကို အကောင်အထည်ဖော်သင့်ပြီး ဆက်ဆံရေးခိုင်မာစေရန် တည်ဆောက်သင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏  တရားဝင်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နယ်စပ်အခြေအနေ မတည်ငြိမ်ပါက နှစ်နိုင်ငံဆက်ဆံရေးသည် ပုံမှန်မဖြစ်နိုင်ကြောင်းနှင့် နယ်စပ်ဒေသများ၏ တည်ငြိမ်အေးချမ်းမှုကို တရုတ်က နှောင့်ယှက်မည်ဆိုပါက နှစ်နိုင်ငံဆက်ဆံရေးအပေါ် ဆိုးကျိုးပိုသက်ရောက်လာမည်ဖြစ်ကြောင်း အိန္ဒိယက ထပ်ခါတလဲလဲ ပြောဆိုခဲ့သည်။

အိန္ဒိယနိုင်ငံသည် နေရာအများအပြားတွင် အမေရိကန်၏ အရေးပါသော မဟာမိတ်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု၊ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်မှုအပါအဝင် နယ်ပယ်အများအပြားတွင် အိန္ဒိယသည် အမေရိကန်အတွက် ကြီးမားသော မိတ်ဖက်နိုင်ငံဖြစ်ကြောင်း ပက်တဲလ်က ပြောကြားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly