ယခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆု ဆန်ခါတင် ၅ ဦးစာရင်းတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် NUCC ပါဝင်

ယခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆု ဆန်ခါတင် ၅ ဦးစာရင်းတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် NUCC ပါဝင်

ယခုနှစ် ၂၀၂၃ နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် ဆန်ခါတင် ၅ ဦးစာရင်းထုတ်ပြန်ရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC တို့ ပါဝင်ကြောင်းသိရသည်။

ငြိမ်းချမ်းရေးသုတေသနအင်စတီကျု့(PRIO) ဒါရိုက်တာ Henrik Urdal က (ဖေဖော်ဝါရီ ၁ ရက်)တွင် လူ့အခွင့်အရေးလှုပ်ရှားဆောင်ရွက်မှုများအတွက် ဆန်ခါတင် ၅ ဦးစာရင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ 

အထက်ပါ PRIO ဒါရိုက်တာ၏ ဆန်ခါတင် ၅ ဦးစာရင်းတွင် ပါဝင်သူများမှာ အီရန်လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ၊ သတင်းထောက် Narges Mohammadi နှင့် ထင်ရှားသည့် အာဖဂန်သတင်းထောက် Mahbouba Seraj ၊ ဦးကျော်မိုးထွန်းနှင့် NUCC၊ အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ)၊ ဖိလစ်ပိုင်နွယ်ဖွား ဒေသခံပြည်သူများ၏ အခွင့်အရေးတက်ကြွလှုပ်ရှားသူ Victoria Tauli-Corpuz နှင့် အီကွေဒေါ ဒေသခံပြည်သူများ၏ အခွင့်အရေးတက်ကြွလှုပ်ရှားသူ Juan Carlos Jintiach ၊ လူ့အခွင့်အရေးအချက်အလက်ဆန်းစစ်ရေးအဖွဲ့ တို့ဖြစ်သည်။

အထက်ပါ ဆန်ခါတင် ၅ ဦးစာရင်းထုတ်ပြန်ချိန်မှာ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့် နှစ်ပတ်လည်နှင့် တိုက်ဆိုင်နေပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှာ မြန်မာစစ်တပ်၏ ဆိုးရွားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ရက်စက်ကြမ်းကြုတ်မှုများကို နိုင်ငံတကာသိရှိစေရန် အချိန်နှင့်တစ်ပြေးညီ ကုလသမဂ္ဂကို အစီရင်ခံ တင်ပြနေသူဖြစ်သည်။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC မှာ မြန်မာ့နွေဦးတော်လှန်ရေး၏ တပ်ဦးနေရာမှ ဦးဆောင်နေပြီး ရွေးကောက်ပွဲကိုယ်စားလှယ်များ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ သပိတ်ကော်မတီအင်အားစုများ၊ တတ်သိပညာရှင်များ၊ အရပ်ဘက်အဖွဲ့အစည်းများ စသည်ဖြင့် အဖွဲ့အစည်း၊ အင်အားစုများကို ဖွဲ့စည်းစုဖွဲ့ ထားသည့် စစ်အာဏာရှင်အမြစ်ပြတ်ရေး နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required