စစ်ကောင်စီတပ်က ရွှေဘို၊ သရက်ပင်ဝန်းရွာမှ ပြည်သူပိုင်အဖိုးတန်ပစ္စည်းများကို ယူဆောင်ပြီး နေအိမ်များကိုမီးရှို့ဟုဆို

စစ်ကောင်စီတပ်က ရွှေဘို၊ သရက်ပင်ဝန်းရွာမှ ပြည်သူပိုင်အဖိုးတန်ပစ္စည်းများကို ယူဆောင်ပြီး နေအိမ်များကိုမီးရှို့ဟုဆို

မဇ္စျိမ။ ။ ရွှေဘိုမြို့နယ်၊ သရက်ပင်ဝန်းကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်မွှေနှောက်ပြီး နေအိမ်များအတွင်းရှိ အဖိုးတန်ပစ္စည်းများကို ယူဆောင်ကာ ရွာကို မီးတင်ရှို့ခဲ့သည်ဟု ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Shew Bo LPDFမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီအင်အား (၂၀၀)ခန့်ပါ စစ်ကြောင်းသည်သရက်ပင်ဝန်းကျေးရွာသို့ ယမန်နေ့( ဇန်နဝါရီလ ၃၁ ရက်) နံနက်ပိုင်းတွင် စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဟု ဆိုသည်။

“ စကစက အင်အား ၂၀၀ နီးပါးနဲ့ ရွာကို စစ်ကြောင်း သုံးကြောင်းတွဲပြီး မီးတင်(မီးရှို့)ပါတယ်။ အိမ်ခြေစုစုပေါင်း (၅၃) လုံး မီးလောင်ပြာကျသွားပါတယ်” ဟု Shew Bo LPDF တာဝန်ရှိသူကပြောသည်။

မီးမရှို့မီ ရွာအတွင်းမှ စျေးဆိုင်များ၊ အိမ်များကို ဝင်ရောက်မွှေနှောက်ကာ တန်ဖိုးရှိပစ္စည်းများကို ယူဆောင်ပြီးမှ မီးရှို့ခြင်း ဖြစ်ကြောင်း ၎င်းကပြောသည်။

စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးမဝင်ရောက်ခင် ဒေသခံပြည်သူများကို ဘေးလွတ်ရာသို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ရွေ့ပြောင်းပေးခဲ့ပြီး ရွာကို စစ်ကောင်စီတပ်ကမီးရှို့နေချိန်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြသည်ဟု သိရသည်။

“ သူတို့(စစ်ကောင်စီတပ်ဖွဲ့ဝင်များ) ညဘက် မူးရမ်းနေတဲ့အချိန် ကျတော်တို့ ဝင်ရောက်ပစ်ခတ်ခဲ့တာ။ ဒဏ်ရာရသွားတဲ့သူများတယ်။ စာသင်ကျောင်းထဲက ဆေးတွေ ယူပြီးထည့်သွားတယ်" တိုက်ပွဲတွင်ပါဝင်ခဲ့သော ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

စစ်ကောင်စီတပ်များသည် ဇန်နဝါရီ (၃၀)ရက်ညက သရက်ပင်ဝန်းကျေးရွာဘုန်းကြီးကျောင်းအတွင်း ညအိပ်ပြီးနောက် ဖေဖော်ဝါရီလ (၁) ရက်နေ့ မနက်ပိုင်းတွင် ပြန်လည်ထွက်ခွာသွားသည်ဟု ဒေသခံများကပြောသည်။ ထိုစစ်ကြောင်းသည် ပျူစောထီးရွာဟုနာမည်ကြီးသည့် မြင်းစီးကျေးရွာအတွင်းသို့ ဝင်ရောက်သွားသည်ဟု သိရသည်။

သရက်ပင်ဝန်းကျေးရွာသည် အိမ်ခြေ (၅၀၀) နီးပါးရှိပြီး လူဦးရေ (၂၅၀၀)ခန့် နေထိုင်သည့် ကျေးရွာတစ်ခုဖြစ်သည်။ ယခုတစ်ကြိမ် မီးရှို့ခံရခြင်းသည် ပထမဆုံး အကြိမ်ဖြစ်ကြောင်းသိရသည်။

နေအိမ်များ မီးလောင်ဆုံးရှုံးသွားသည့် ဒေသခံများအတွက် အကူအညီများ လိုအပ်လျက်ရှိပြီး ပြည်သူများအနေဖြင့် ဝိုင်းဝန်းကူညီပေးကြရန် Shwe Bo LPDF မေတ္တာရပ်ခံထားသည်။

လက်ရှိတွင် ရွှေဘိုမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးမဟာမိတ်များကြား စစ်ရေးတင်းမာနေသည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required