ဇန်နဝါရီလအတွင်း အကြိမ် ၁၄၀ နီးပါး မီးရှို့ခံရကြောင်း NUG ၏ မီးသတ်ဌာနထုတ်ပြန်

ဇန်နဝါရီလအတွင်း အကြိမ် ၁၄၀ နီးပါး မီးရှို့ခံရကြောင်း NUG ၏ မီးသတ်ဌာနထုတ်ပြန်

မြန်မာနိုင်ငံအနှံ့၌ စစ်ကောင်စီတပ်က ဇန်နဝါရီလအတွင်း ၁၃၈ ကြိမ် အထိ မီးရှို့ဖျက်ဆီးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာနက ထုတ်ပြန်သည်။

မီးရှို့ဖျက်ဆီးခံရမှုသည် စစ်ကိုင်းတိုင်းတွင် အများဆုံးဖြစ်ပွားခဲ့ပြီး ၁၀၉ ကြိမ်အထိရှိခဲ့ကာ ယင်းစားရင်း အနက် နေအိမ် ၄၂၇၁ လုံး၊ ဘာသာရေးအဆောက်အအုံ ၁၀ လုံး၊ စာသင်ကျောင်း ၁ ကျောင်းတို့ ပါဝင်သည်။

" ကျွန်မတို့မှာ နေစရာအိမ်မရှိတော့ဘူး၊ အလုပ်အကိုင်လဲမရှိတော့ဘူး။ ကျွန်မတို့မိသားစုက ဘဝပျက်သွားတာ။ ဒါပေမယ့် ကိုယ့်ချည်းပဲလဲ မဟုတ်တော့ ငိုမထွက်ဘူး။ ခံစားရတာတော့
အတိုင်းထက်အလွန်ပါပဲ" ဟု နေအိမ်မီးရှို့ဖျက်ဆီးခံခဲ့ရသည့် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးဝင်ရောက် မီးရှို့ဖျက်ဆီးမှုများကြောင့် ဒေသခံအများစုမှာ အဝတ်တစ်ထည်၊ ကိုယ်တစ်ခုဖြင့် အသက်လုပြေးလာခဲ့ရသည့်အတွက် စား၊ ဝတ်၊ နေရေး အဆင်မပြေကြကြောင်း S&C စစ်ဘေးမီးဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက မဇ္ဈိမကိုပြောသည်။

" ကျွန်တော်တို့လဲ တက်နိုင်တဲ့ အနေအထားအလိုက် ရွာတွေ မြို့နယ်တွေကို ကူညီပေးနေပါတယ်။ ကျေးရွာ တစ်ရွာမှာတောင် အိမ်ခြေ ၄၀၀ လောက် ရှိနေတာဆိုတော့လေ လူကမနည်းဘူး" ဟု ၎င်းက ဆိုသည်။

MOHAI-NUG ၏ ထုတ်ပြန်ချက်အရ စစ်ကောင်စီမှမီးရှို့ဖျက်ဆီးခဲ့သည့် ၁၃၈ ကြိမ်တွင် နေအိမ် ၄,၇၈၉ လုံး၊ ဘာသာရေးအဆောက်အအုံ ၁၁ လုံး၊ စာသင်ကျောင်း ၁ ကျောင်း ပျက်ဆီးခဲ့ရကြောင်းဆိုသည်။

ထို့အပြင် မီးရှို့သတ်ဖြတ်ခံရသူ ၂၃ ဦးအထိရှိကြောင်းနှင့် ယခုအချက်အလက်များသည် တော်လှန်ရေး အဖွဲ့အစည်းများ၊ ပြည်သူများ၊ မီဒီယာများ၏ ဖော်ပြချက်များကို စာရင်းပြုစုထားခြင်းဖြစ်၍ မြေပြင်တွင် ယခုထက်ပိုများနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

စာတည်း ။ ။Alden

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly