ပါတီ၏ အခြေခံအခွင့်အရေးများကို ကာကွယ်ပေးရန် တရားရုံးချုပ်မှ တရားသူကြီးများကို ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း တောင်းဆို 

By ANI
02 February 2023
ပါတီ၏ အခြေခံအခွင့်အရေးများကို ကာကွယ်ပေးရန် တရားရုံးချုပ်မှ တရားသူကြီးများကို ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း တောင်းဆို 

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းက ၎င်း၏ ပါကစ္စတန်တီရစ်-အီ-အင်ဆက်ဖ် (PTI) ပါတီမှ ခေါင်းဆောင် တစ်ဦးဖြစ်သူ ဖာဝတ်ဒ်ချောင်ဒရီ   ဖမ်းဆီးခံရခြင်းအပေါ် ဝေဖန်ပြောဆိုလိုက်ပြီး ပါတီဝင်များ၏ အခြေခံအခွင့်အရေးများကို ကာကွယ်ရန် တရားရုံးချုပ်မှ တရားသူကြီးများအား ဇန်နဝါရီ ၂၅ ရက်က တောင်းဆိုလိုက်သည်။

အီမရန်ခန်းက တရားရုံးချုပ် တရားသူကြီးများကို ရှင်းလင်းပြောကြားသော ရုပ်မြင်သံကြား သတင်းစာရှင်းလင်းပွဲ တစ်ခုတွင်   ချောင်ဒရီအား ဖမ်းဆီးစွဲဆိုထားသော အမှုနှင့်ပတ်သက်၍ တရားစီရင်ရေးဌာနကို မေးခွန်းထုတ်ခဲ့ပြီး မိမိတို့သည် တရားဥပဒေစိုးမိုးရေးကို လက်ကိုင်ထားကြောင်း ပြောဆိုခဲ့သည်ဟု Dawn သတင်းက ဖော်ပြခဲ့သည်။

ပါတီဒုတိယဥက္ကဋ္ဌ ဖာဝတ်ဒ်ချောင်ဒရီကို ဇန်နဝါရီ ၂၅ ရက်နေ့ နံနက်တွင် ၎င်း၏ နေအိမ်တွင် အာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ 
" လူတွေရဲ့ဆန္ဒကို ဆန့်ကျင်ပြီး မျဉ်းနီတွေကို မရေးဆွဲနိုင်ပါဘူး၊ မျဉ်းနီတွေဟာ နိုင်ငံရေးပြဿနာတွေအတွက် ဖြေရှင်းနည်းတစ်ခုလည်း မဟုတ်ပါဘူး" ဟု အီမရန်ခန်းက လူမှုကွန်ယက်စာမျက်နှာတွင် ပြောကြားခဲ့သည်။

ပါကစ္စတန်တွင် ဆက်လက်ဖြစ်ပွားနေသော နိုင်ငံရေးမတည်ငြိမ်မှုများနှင့် PTI နှင့် ဝန်ကြီးချုပ် ရှဘက်ရှရစ်ဖ် ဦးဆောင်သော ညွန့်ပေါင်းအဖွဲ့တို့အကြား ပွတ်တိုက်မှုများ အဆက်မပြတ် ဖြစ်ပွားနေချိန်တွင် အီမရန်ခန်းက ယခုကဲ့သို့ ပြောဆိုလာခြင်းဖြစ်သည်။ 

ရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံအတွင်း လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများကို ကျင်းပရန် တာဝန်ရှိကြောင်း အီမရန်က ပြောကြားခဲ့ပြီး   ပန်ဂျပ်ပြည်နယ်ယာယီဝန်ကြီးအဖြစ် မီဒီယာလုပ်ငန်းရှင် မိုဆင်နဂ်ဗီအား ခန့်အပ်ရန် ဆုံးဖြတ်သော ကော်မရှင်၏ ဆုံးဖြတ်ချက်ကိုလည်း ထပ်မံဝေဖန်ခဲ့သည်။ 
ရဲတပ်ဖွဲ့သည် PTI ပါတီဝင်များကို နှောင့်ယှက်မှုများ စတင်လုပ်ဆောင်လာကာ  ၎င်းဖြစ်ရပ်များသည် အစီအစဥ်အတိုင်း လုပ်ဆောင်နေခြင်းဖြစ်သည်ဟု အီမရန်ခန်းက ပြောကြားခဲ့သည်။

ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး အူးမားဟာမိက ချောင်ဒရီအား အစ္စလာမာဘတ်မြို့ရှိ ခိုဆာရဲစခန်းတွင် အမှုဖွင့်ထားကြောင်း Geo News က ဖော်ပြခဲ့သည်။

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်းအား ဖမ်းဆီးတော့မည်ဟူသော ကောလာဟလများ ဇန်နဝါရီ ၂၅ ရက်နေ့ နံနက် အစောပိုင်းတွင် ပျံ့နှံ့နေစဉ် PTI ခေါင်းဆောင်များနှင့် ပါတီဝင်အများအပြားသည် လာဟိုးမြို့ ဇမန်ပန်းခြံရှိ အီမရန်ခန်း၏နေအိမ်အပြင်ဘက်တွင် စုဝေးခဲ့ကြသည်ဟု သတင်းတွင် ဖော်ပြထားသည်။

PTI ပါတီခေါင်းဆောင် အာဆက်အူးမားက ပါတီဝင်အားလုံးအား ဇာမက်ပန်းခြံသို့သွားကြရန်န် Twitter တွင် တိုက်တွန်း ရေးသားခဲ့သည်။ ရုပ်သေးအစိုးရသည် ခေါင်းဆောင် အီမရန်ခန်းကို ယနေ့ညတွင် ဖမ်းဆီးရန် ကြိုးစားနေသဖြင့် PTI ပါတီဝင်များသည် ၎င်းတို့ခေါင်းဆောင်ကိုကာကွယ်ရန် ဇာမန်ပန်းခြံသို့ ဦးတည်သွားနေပြီဖြစ်ကြောင်း PTI ပါတီက တွစ်တာတွင် ရေးသားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly