ရန်ကုန်မြို့လယ်က အသံတိတ်သပိတ်တွင် ပါဝင်သူများ 

ရန်ကုန်မြို့လယ်က အသံတိတ်သပိတ်တွင် ပါဝင်သူများ 

ရန်ကုန်မြို့ရဲ့ မြို့လယ်လို့ပြောလို့ရတဲ့ နေရာတွေမှာ လမ်းဘေးက ထမင်းဆိုင်တွေ အသုပ်ဆိုင်တွေ ဆိုင်မထွက်ကြပါဘူး။ မနက်စာအတွက် အဓိကထားရောင်းချတဲ့ ပဲပြုတ်သည်၊ အကြော်သည်တွေတောင် ဆိုင်မထွက်ကြပါဘူး။ 

ကုန်စိမ်းသည်တွေတချို့တော့ မနက် ၈နာရီမထိုးခင်လေး ဆိုင်ထွက်ကြပါတယ်။ ဒီနေ့တော့ ခပ်စောစောသိမ်းကြမှာဖြစ်တဲ့အကြောင်း ဝယ်နေကြဖောက်သည်ကို တရင်းတနှီးပြောပြကြပါတယ်။ 

ရန်ကုန်ကမီးပျက်တယ်ဆိုတာ ပုံမှန်လိုဖြစ်နေပါပြီ။ မီးလာတဲ့အချိန်ကို အမိအရ ရေတင်၊ ချက်ပြုတ် စတာတွေ လုပ်ကြရတာပါ။ ဒီလိုနေရာမျိုးမှာ ထူးထူးခြားခြား အိမ်ထဲက အသံတိတ်သပိတ် ပါဝင်ကြတာရှိပါတယ်။ အသံတိတ်သပိတ်စပြီ ဆိုတဲ့အချိန် မီးလာနေတဲ့အချိန်မှာ မီးမသုံးဘဲ အမှောင်ချတိတ်ဆိတ်နေကြတဲ့ တိုက်ခန်းထဲက မိသားစုဝင်တွေကိုလည်း တွေ့ရပါတယ်။ ခါတိုင်းနေ့တွေမှာ မီးပျက်သွားရင် မီးစက်သံတွေ ဆူညံနေတာဖြစ်ပါတယ်။ 

ဒီနေ့တော့ မီးပျက်တဲ့အချိန် မီးစက်သံတွေ မကြားရဘဲ အသံတိတ်သပိတ်မှာ ပါဝင်ကြတာကို တွေ့ရပါတယ်။ 

ကုန်တိုက်လိုနေရာ Mini mart လိုနေရာတွေမှာ ဝယ်သူ အဝင်အထွက်မရှိဘဲ ဆိုင်ဖွင့်ထားတာ တွေ့ရပါတယ်။ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကားတစ်စီးနဲ့ လမ်းတိုင်း တစ်လမ်းဝင် တစ်လမ်းထွက် ကင်းလှည့်နေကြပါတယ်။ 

ခါတိုင်း ကင်းလှည့်ကြတဲ့ အချိန်က နေ့လယ်ပိုင်းနဲ့ ညနေအချိန်တွေမှာ ဗန္ဓုလလမ်း၊ အနော်ရထားလမ်း၊ ဗိုလ်ချုပ်လမ်းလို အဓိကမိန်းလမ်းကြီးတွေပေါ်မှာသာ ကင်းလှည့်ကြတာဖြစ်ပါတယ်။ ဒီနေ့ အသံတိတ်သပိတ်နေ့မှာတော့ ခါတိုင်းကင်းလှည့်လေ့မရှိတဲ့ လမ်းတွေမှာတောင် သွားလာနေကြတာကို တွေ့ရပါတယ်။ 

လမ်းမတွေပေါ်မှာတော့ ခရီးသည်တင်ကားတွေ မောင်းနှင်သွားလာတာမျိုးရှိပါတယ်။ အိမ်စီးကားတွေ သွားလာတာ မရှိသလောက်ပါဘဲ။ အနားကတက္ကစီဂိတ်မှာ ပုံမှန်ရှိနေကြ တက္ကစီအငှားကားမောင်းသူတွေ ကားဂိတ်မထိုးတော့ဘဲ အသံတိတ်သပိတ်မှာ ပါဝင်ကြပါတယ်။ 

စာတည်း။     ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။   ။သန့်ဇော်(သန်လျင်) 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required