မြင်းစီးရွာရှိ ပျူစောထီးစခန်းကိုတိုက်ခိုက် ပျူ ၁၀ ဦးသေပြီး ၁၈ ဦး ဖမ်းဆီးနိုင်ခဲ့ဟုဆို

မြင်းစီးရွာရှိ ပျူစောထီးစခန်းကိုတိုက်ခိုက် ပျူ ၁၀ ဦးသေပြီး ၁၈ ဦး ဖမ်းဆီးနိုင်ခဲ့ဟုဆို

မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် မြင်စီးရွာရှိ ပျူစောထီးစခန်းကို ဇန်နဝါရီလ ၂၅ ရက်နေ့ ညနေပိုင်းတွင်း ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက အလစ်အငိုက်ဝင်ရောက် တိုက်ခိုက်ခဲ့သည့်အတွက် ပျူစောထီးအဖွဲ့ဝင် ၁၀ဦးသေဆုံးပြီး ၁၈ ဦး ဖမ်းဆီးရမိခဲ့ကြောင်း Fire Dragon အဖွဲ့ မှ ဗိုလ်ပြောက်ကြီးက ပြောသည်။

၎င်းက “ ကျတော်တို့ ရွာထဲဝင်ပစ်တဲ့အချိန်မှာ ဒီကောင်တွေက ရွာထဲက နေအိမ်တွေကို မီးရှို့ပြီး အခိုင်အမာတပ်စွဲထားတဲ့ ဘုန်းကြီးကျောင်းထဲဝင်ပြေးပြီး နောက်တစ်ခါပစ်ခတ်မှုတွေဖြစ်ခဲ့တယ်၊ အဲ့ဘုန်းကြီးကျောင်းထဲမှာ သူတို့က သေချာပြင်ဆင်ထားတာကြောင့် ကျတော်တို့ ဆက်မဝင်နိုင်ဘဲ ပြန်ဆုတ်ခဲ့ရတယ်၊ တိုက်ခိုက်မှုတွေအတွင်း သူတို့ဘက်က ၁၀ ဦးလောက်သေတယ် ၁၈ ဦးဖမ်းဆီးရမိခဲ့တယ်” ဟု ပြောသည်။

အပြန်အလှန်ပစ်ခတ်မှုများအတွင်း ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့များဘက်တွင်လည်း ရဲဘော် ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အရှင်ဖမ်းဆီးရမိသည့် ပျူစောထီးများကို ရွှေဘိုတိုက်နယ် ပကဖ ထံ အပ်နှံခဲ့ကြောင်း ဗိုလ်ပြောက်ကြီးက ဆိုသည်။

၎င်းက “ ရွှေဘို ပကဖ ကိုပဲ အပ်လိုက်တယ်။ စစ်ဆေးစရာတွေ စစ်ဆေးပြီးရင်တော့ သူတို့ လုပ်ထားတဲ့ ပြစ်မှုအတိုင်း ပြစ်ဒဏ်ခံရမှာပဲပေါ့” ဟုပြောသည်.။

မြင်းစီးကျေးရွာပျူစောထီးများသည် အနီးအနားကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း သီးနှံရိတ်သိမ်းသည့် ပြည်သူများကို လည်း လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းများ လုပ်ဆောင်လေ့ရှိပြီး တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်းတွင် စစ်ကောင်စီတပ်က ထပ်မံအင်အားဖြည့်တင်းထားကြောင်း သိရသည်။

ယခုတိုက်ခိုက်မှုများကို ရွှေဘိုတိုက်နယ် (၁) ၊ ခင်ဦးတိုက်နယ် (၂ )၊ Fire Dragon (KU)၊ Local Blood Brother Guerrilla Hero (KU)၊ D.U.G,F (KU)၊ Black Eagle Local PDF၊ Oneday Revolution Force (Shew Bo ) ၊မြင်းပျံ Local PDF အဖွဲ့ နှင့် အခြားမဟာမိတ်အဖွဲ့များက ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required