အစိုးရနှင့် နိုင်ငံတကာအဖွဲ့အစည်း ၆၀ ကျော် စစ်ကောင်စီကို ထောက်ကူပြုနေ 

အစိုးရနှင့် နိုင်ငံတကာအဖွဲ့အစည်း ၆၀ ကျော် စစ်ကောင်စီကို ထောက်ကူပြုနေ 

ဇန်နဝါရီလ ၂၅ ရက်

စစ်ကောင်စီ၏ အကြမ်းဖက်မှုများတွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ထောက်ကူပြုခြင်းဖြင့် ပြည်ပအစိုးရနှင့် နိုင်ငံတကာအဖွဲ့အစည်းများ (ကုလသမဂ္ဂအဖွဲ့အစည်းများ အပါအဝင်) ၆၀ ကျော်သည် မြန်မာစစ်ကောင်စီကို ထောက်ပံ့မှုများ ပေးလျက်ရှိသည်ဟု Justice for Myanmar ၏ အစီရင်ခံစာသစ်က ဖော်ပြသည်။ 

“အာဏာရှင်တစ်ရပ် ပေါ်ထွန်းခြင်း၊ အစိုးရနှင့် နိုင်ငံတကာအဖွဲ့အစည်းများက တရားမဝင် မြန်မာစစ်အာဏာသိမ်းအုပ်စုအား မည်သို့ ထောက်ပံ့နေခြင်းနှင့် ယင်းကို ရပ်တန့်ရန် လုပ်ဆောင်ရမည်” ဟု ခေါင်းစဉ်တပ်ထားသော အဆိုပါ အစီရင်ခံစာ၌ စစ်ကောင်စီအား ထောက်ကူပြုနေသည့် အဖွဲ့အစည်းများနှင့် ထောက်ပံ့မှုပုံစံများ အသေးစိတ်ကို ဖော်ပြထားသည်။  

အစီရင်ခံစာ၏ အဓိကတွေ့ရှိချက်များတွင် အသားပေးဖော်ပြထားသည်မှာ စစ်ကောင်စီအား ထောက်ကူနေသူများကြားတွင် နိုင်ငံခြားအစိုးရ ၂၂ ရပ်၊ အစိုးရနှင့် ဆက်နွယ်သော အဖွဲ့အစည်း ၂၆ ခု (ကုလသမဂ္ဂအဖွဲ့အစည်း ၁၄ ခု အပါအဝင်)၊ နိုင်ငံခြား ဘဏ္ဍာရေးဆိုင်ရာ အဖွဲ့အစည်း ရှစ်ခုနှင့် အခြားသော နိုင်ငံတကာအဖွဲ့အစည်း ရှစ်ခုတို့ ပါဝင်ငြိစွန်းနေကြောင်း ဖော်ပြထားသည်။ 

စစ်ကောင်စီအား ထောက်ကူပြုသည့် အဓိကပုံစံလေးမျိုးကိုလည်း ယင်းအစီရင်ခံစာ ဖော်ပြထားသည်။ 

နိုင်ငံတကာဖိုရမ်များတွင် မြန်မာကိုယ်စား ဆုံးဖြတ်ချက်များ ချနိုင်စေခြင်းဖြင့် စစ်ကောင်စီကို တရားဝင်ထောက်ကူပြုမှု ဖြစ်စေသည့် လုပ်ရပ်များနှင့် သံတမန်ရေးဆက်ဆံရေးတို့မှတစ်ဆင့် နိုင်ငံရေးအရ ထောက်ကူပြုနေသည်ဟု ဆိုထားသည်။ 

စစ်ကောင်စီသို့ အသိပညာနှင့် ကျွမ်းကျင်မှုများ ရရှိစေခြင်းဖြင့် ထောက်ကူပြုနေသော နည်းပညာပူးပေါင်းဆောင်ရွက်မှုကို ဒုတိယထောက်ကူပြုမှု ပုံစံအဖြစ် အစီရင်ခံစာ ဖော်ပြသည်။  

ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ၊ ချေးငွေထုတ်ပေးခြင်း၊ စစ်ကောင်စီ ထိန်းချုပ်သော ကုမ္ပဏီများနှင့် အခြားအဖွဲ့အစည်းများထံမှ တိုက်ရိုက်ဝယ်ယူခြင်း သို့မဟုတ် သွယ်ဝိုက်၍ စီးပွားရေးလုပ်ကိုင်ခြင်းတို့အပြင် စစ်ကောင်စီကို ဘဏ္ဍာရေးနှင့် မဟာဗျူဟာ အားဖြစ်စေမည်ဖြစ်သော အခြေခံအဆောက်အအုံ ဖွံ့ဖြိုးမှုစီမံကိန်းများသည် စီးပွားရေးအရ ထောက်ကူပြုခြင်းဟု အစီရင်ခံစာက ထောက်ပြသည်။ 

ထိုပြင် စစ်တပ်နှင့် ချိတ်ဆက်သည့် စီးပွားရေးလုပ်ငန်းကိုင်ငန်းများထံမှ ဟိုတယ်ခန်း၊ ရုံးနေရာနှင့် လူနေအိမ်ရာများ ငှားရမ်းခြင်းသည်လည်း စစ်ကောင်စီကို ထောက်ကူပြုနေခြင်းပဲ ဖြစ်သည်ဟု ဆိုထားသည်။  

ထိုကဲ့သို့ နောက်ထပ် ရန်ပုံငွေ၊ ရင်းမြစ်နှင့် အင်အားများ ရရှိခြင်းမှ တရားမဝင် စစ်ကောင်စီကို တားဆီးနိုင်ရေးအတွက် မည်သို့ ဆောင်ရွက်ရမည်ဆိုခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်းသည့် ထောက်ခံချက်ပေးသော သုတေသနပြုစုမှု ၁၈ ချက်ကိုလည်း အစီရင်ခံစာတွင် ဖော်ပြပါရှိသည်။ စစ်ကောင်စီအား ထောက်ကူပြုနေရာတွင် ပါဝင်နေသည့် နိုင်ငံတကာအဖွဲ့အစည်းများအတွက် တရားရေးရာ သုံးသပ်မှုနှင့် နောက်ဆက်တွဲ အကျိုးဆက်များအပေါ် စိစစ်အကဲဖြတ်ချက်လည်း အစီရင်ခံစာတွင် ပါရှိသည်။  

“မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းခဲ့တာ နှစ်နှစ်ရှိပြီ၊ ပြည်သူ ၂,၇၀၀ ကျော် သတ်ဖြတ်ခံရပြီး ၁၃၆၀၀ ကျော်ထက်မနည်း ဖမ်းဆီးခံထားရဆဲ ဖြစ်တယ်”ဟု Justice for Myanmar မှ ပြောခွင့်ရသူ ဒေါ်ရတနာမောင်က ပြောသည်။ 

“စစ်ကောင်စီဟာ မြန်မာပြည်သူတွေအပေါ် မီးရှို့ပြာချတာတွေ ကျူးလွန်နေတယ်၊ အရမ်းကာရော လေကြောင်းတိုက်ခိုက်တာတွေနဲ့ ဗုံးကြဲတာတွေ လုပ်ဆောင်တယ်၊ နေရပ်စွန့်ပြေးရသူပေါင်း ၁ ဒသမ ၁ သန်းကျော်ရှိပြီး လူသားချင်းစာနာထောက်ထားရေး ကပ်ဘေးကို ဖြစ်စေတာပဲ”ဟု ၎င်းက ပြောသည်။ 

“ခုထိတော့ စစ်ကောင်စီ အကြမ်းဖက်မှုတွေ ကျူးလွန်နိုင်နေတဲ့ ရန်ပုံငွေနဲ့ ရင်းမြစ်တွေ စီးဝင်တာမရှိအောင် ရပ်တန့်နိုင်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းဟာ လုံလောက်အောင် မလုပ်ဆောင်သေးဘူး၊ ရှင်းလင်းတာကတော့ နိုင်ငံတကာအစိုးရနဲ့ နိုင်ငံတကာအဖွဲ့အစည်းအချို့ဟာ မြန်မာပြည်သူတွေကို ကူညီပေးဖို့ လျစ်လျူရှုနေရုံတင်မကဘူး ပြည်သူတွေကို စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီကို ကိုယ်ထိလက်ရောက် ထောက်ကူပြုနေတာပဲ”ဟု ဒေါ်ရတနာမောင်က ဆိုသည်။ 

“စစ်ကောင်စီကို ထောက်ကူနေတဲ့ ဘယ်လိုပုံစံမျိုးကမှ လက်ခံစရာ မရှိဘူး၊ စစ်ကောင်စီကို နိုင်ငံတကာ အစည်းအဝေးတွေဆီ ဖိတ်ခေါ်တာကနေ စစ်ကောင်စီ အဖွဲ့ဝင်တွေကို သင်တန်းပေးတာတွေ၊ စစ်တပ်နဲ့ ဆက်စပ်တဲ့ ဟိုတယ်တွေမှာ ဒေါ်လာသန်းနဲ့ အကုန်ခံတာတွေ စတာတွေကို လက်သင့်မဘူး”ဟု ၎င်းက ပြောသည်။ 

“မြန်မာရဲ့ တရားဝင်အစိုးရအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG )ကို မြန်မာကိုယ်စား နိုင်ငံတကာအစည်းအဝေးတွေ ဖိတ်ဖို့ လိုအပ်တယ်၊ မြန်မာစစ်တပ်နဲ့ ဘဏ္ဍာရေး ပတ်သက်မှုအားလုံး ဖြတ်တောက်ရမယ်၊ ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ရမယ်၊ စစ်ကောင်စီကို ထောက်ကူနေတဲ့ ပုံစံအားလုံးကို ချက်ချင်းအဆုံးသတ်ဖို့ ပြည်ပအစိုးရတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို ကျွန်မတို့ တိုက်တွန်းတယ်”ဟု ၎င်းက ပြောခဲ့သည်။ 

ယခု အစီရင်ခံစာပါ အဖွဲ့အစည်းများကြားတွင် မကြာသေးခင်က စစ်ကောင်စီအား ထောက်ကူပြုခြင်း အဆုံးသတ်ရန် လုပ်ဆောင်လာသည့် အဖွဲ့အစည်း ၁၃ ခု ရှိလာခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly